စစ်လက်နက် ထုတ်လုပ်ရေးအတွက် ကုန်ကြမ်းပေးနေတဲ့ ဓာတ်မြေဩဇာစက်ရုံ လည်ပတ်နိုင်ရေး နတ်ကန္နားပွဲပြုလုပ်

စစ်လက်နက် ထုတ်လုပ်ရေးအတွက် ကုန်ကြမ်းပေးနေတဲ့ ဓာတ်မြေဩဇာစက်ရုံ လည်ပတ်နိုင်ရေး နတ်ကန္နားပွဲပြုလုပ်

 

မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ကျော်စွာကျေးရွာအနီးရှိ အမှတ် - ၃ ဓာတ်မြေသြဇာစက်ရုံ (ကျော်စွာ) ပြန်လည် လည်ပတ်နိုင်ရေးအတွက် စက်ရုံကညွှန်ကြားရေးမှူးအပါအဝင် ဝန်ထမ်းတွေအားလုံး ပရိတ်၊ ပဌာန်းရွတ်ဖတ်ပြီး နတ်ကန္နားပွဲတွေ ပြုလုပ်နေကြတယ်လို့ စက်ရုံနဲ့နီးစပ်သူတဦးက ဆိုပါတယ်။ 

အောင်လံ - ပြည်ကားလမ်းမကြီးမှ ၇ မိုင်ခန့်အကွာအဝေးမှာရှိတဲ့ ကျော်စွာဓာတ်မြေဩဇာစက်ရုံကို ပြန်လည် လည်ပတ်ရာမှာ အဆင်မပြေတာတွေများတဲ့အတွက်လို့ ဆိုကာ ဦးဆောင်ညွှန်ကြားရေးမှူးကိုယ်တိုင် နတ်ကန္နားပွဲပေးပြီး လက်အောက်ခံဝန်ထမ်းတွေနဲ့ ပရိတ်ရွတ်တာ၊ ဘုန်းကြီးတွေပင့် ပဌာန်းရွတ်ဖတ်တာတွေ လုပ်နေကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

"အခု စက်ရုံလည်ပတ်ဖို့ NON CDM ဝန်ထမ်းတွေ နည်းလမ်းပေါင်းစုံနဲ့ လုပ်နေကြတယ်။ စက်ရုံလည်ပတ်တာက တောင်သူအကျိုးပြုဖို့ မဟုတ်ပါဘူး။ စစ်ကောင်စီရဲ့ ကပစ စက်ရုံတွေအတွက် ပြည်သူကိုပြန်သတ်ဖို့ ခဲယမ်း ထုတ်တာမှာ အားပေးကူညီရာရောက်နေတယ်"လို့ ဝန်ထမ်းဟောင်းတဦးက မြေလတ်အသံကိုပြောပါတယ်။

ဇူလိုင် ၂၉ ရက်၊ ၂၀၂၃ မှစတင်ကာ ဓာတ်မြေဩဇာစက်ရုံကို စမ်းသပ်စစ်ဆေးမှုတွေပြုလုပ်ကာ ဩဂုတ် ပထမအပတ်ထဲမှာ လိုအပ်တာတွေ ပြင်ဆင်ပြီး အခုလို ဖွင့်လှစ်ဖို့အတွက် ပြင်ဆင်နေကြတာဖြစ်ပါတယ်။ 

စစ်ကောင်စီရဲ့ ကပစ လက်နက်စက်ရုံတွေအတွက် လိုအပ်နေတဲ့ NH3(Ammonia)ကို ဓာတ်မြေဩဇာစက်ရုံ - မြောင်းတကာနဲ့ ကန်ကြီးထောင့်တို့မှ ရရှိနေတယ်လို့ သိရပါတယ်။

"Ammonium nitrate က လက်နက်ကြီး၊ မိုင်း၊ လက်ပစ်ဗုံးလုပ်တဲ့နေရမှာ အဓိကလိုအပ်တဲ့ ဓါတုပစ္စည်း တမျိုးဖြစ်တယ်။ ၆၀ မမ၊ ၈၀ မမ ၊ ၁၂၀ မမ ၊ ၁၀၇ ရှော့တိုက်ဒုံးနဲ့ ရော့ကက်တွေထုတ်တဲ့အခါ ထည့်သုံးတယ်။ အဲဒီဓာတုပစ္စည်းက မီးရှို့လို့ မလောင်ပါဘူး။ ပေါက်ကွဲစေတတ်တဲ့ ကတ်သီးနဲ့တွဲသုံးရတယ်" လို့ လက်နက် ထုတ်လုပ်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

အဲ့ဒီ ဓာတ်မြေဩဇာစက်ရုံတွေက ထွက်ရှိတဲ့ အမိုနီယမ်နိုက်ထရိတ်ကို စစ်လက်နက်ခဲယမ်းပစ္စည်းထုတ်လုပ်တဲ့ ကပစတပ်တွေက ထုတ်ယူသုံးစွဲနေတာ မှန်ကန်ကြောင်း ကပစတပ်မှာ ၁၀ နှစ်ကျော်တာဝန်ထမ်းဆောင်ဖူးသူ CDM တပ်မတော်သားတဦးက ပြောပါတယ်။

"ကျနော်တို့ အရင်တုန်းက ယာယီတာဝန်အနေနဲ့သွားပြီး အဲ့ဒီကျော်စွာ စက်ရုံရယ်၊ စလေ-ကျွန်းချောင်းစက်ရုံရယ်ကနေ အဲ့ဒီ NH3 သွားထုတ်ရတာတွေ ရှိတယ်။ စလေက ခုစက်ရုံမလည်တော့ဘူး ထင်တယ်။ ဒါက စီမံကိန်း ဌာနပေါ့၊ အဲ့ဒီကနေ ဘယ်ကပစတပ်အတွက် ဘယ်လောက်ထုတ်ပါဆိုပြီး လိုအပ်ချက်အရ သွားထုတ်ရတာမျိုး" လို့ သူက ပြောပါတယ်။

၁၉၈၀ - ၁၉၈၁ ခုနှစ်က အနောက်ဂျာမနီနိုင်ငံ UHDE Co.Ltd အကူအညီနဲ့ လေးနှစ်စီမံကိန်းရေးဆွဲပြီး စက်ရုံကို စတင်တည်ဆောက်ခဲ့ရာ၊ ၁၉၈၄-၁၉၈၅ စက်ရုံစတင်လည်ပတ်နိုင်ခဲ့ပြီး ၂၅ နှစ်ခန့်အကြာ၂၀၁၀ ခုနှစ် စက်တင်ဘာ ၇ ရက်မှာ စက်ရုံလည်ပတ်မှု ရပ်ဆိုင်းခဲ့တယ်လို့သိရပါတယ်။

မြန်မာ့ရေနံဓာတု လုပ်ငန်းကြီးကြပ်မှုအောက်ရှိ ဓာတ်မြေသြဇာနဲ့ ရေနံချက်စက်ရုံတွေမှာ ရေနံဓာတုဗေဒ စက်ရုံစု၊ မက်သနောလ်စက်ရုံ ဆိပ်သာ၊ အမှတ် - ၁ ဓာတ်ငွေ့ရည်စက်ရုံ မင်းဘူး၊ အမှတ်- ၂ ဓာတ်ငွေ့ရည်စက်ရုံ ညောင်တုန်း၊ အမှတ်- ၃ ဓာတ်ငွေ့ရည်စက်ရုံ ကျွန်းချောင်း၊ အမှတ်- ၁ ဓာတ်မြေသြဇာစက်ရုံ စလေ၊ အမှတ်-၂ ဓာတ်မြေသြဇာစက်ရုံ ကျွန်းချောင်း၊ အမှတ် - ၃ ဓာတ်မြေသြဇာစက်ရုံ ကျော်စွာ၊ အမှတ် - ၄ ဓာတ်မြေသြဇာ စက်ရုံ မြောင်းတကာ၊ အမှတ် - ၅ ဓာတ်မြေသြဇာစက်ရုံ ကန်ကြီးထောင့်၊ အမှတ် - ၁ ရေနံချက်စက်ရုံသန်လျင်၊ အမှတ် - ၂ ရေနံချက်စက်ရုံချောက် ၊စုစုပေါင်းစက်ရုံ ၁၂ ရုံရှိတယ်လို့သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #အောင်လံမြို့နယ် #ကျော်စွာကျေးရွာ #ဓာတ်မြေသြဇာစက်ရုံ(ကျော်စွာ)

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10