စစ်သား၃၀ကျော်သေဆုံးကာ ၄၀ကျော်အညံ့ခံပြီး လက်နက်၅၀ကျော်ရခဲ့တဲ့ ကူတော်ရွာတိုက်ပွဲ(ရုပ်/သံ)

စက်တင်ဘာ ၃၀ရက်မှာ စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ကူတော်ရွာက ထွက်လာတဲ့ အင်အား ၁၂၀ ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ကြတာပါ။

အဲ့ဒီရက် နေ့လယ် ၁၂နာရီဝန်းကျင်မှာ ဘုတလင်မြို့နယ်၊ ကျွဲသေချောင်းရွာနဲ့ စီပါရွာကြားမှာ ကြားဖြတ်တိုက်ခိုက်ခဲ့ကြပြီး ၅နာရီကျော်ကြာတိုက်ပွဲဖြစ်ခဲ့တယ်လို့ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ဝင်ရဲဘော်တဦးက ပြောပါတယ်။

အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က  သေဆုံး ၃၁လောင်း၊ လက်နက်ချအညံ့ခံသူတွေအပါ စစ်သုံ့ပန်း ၄၃ဦးဖမ်းမိကာ လက်နက် ၅၀နီးပါးကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

စစ်သုံ့ပန်းတွေထဲက ဒဏ်ရာရသူတွေကိုတော့ ဆေးကုသပေးနေပြီး နိုင်ငံတကာ စစ်သုံ့ပန်း ဥပဒေ နဲ့အညီ အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲပြင်းထန်ခဲ့တဲ့ စက်တင်ဘာ ၃၀ရက် ညနေ ၃နာရီဝန်းကျင်မှာတော့ မိတ္ထီလာ၊ ရှမ်းတဲလေတပ်က တက်လာတဲ့ဂျက်ဖိုက်တာနဲ့ လေကြောင်း တိုက်ခိုက်မှု ၉ကြိမ် ပြုလုပ်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး ထိမှန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီစစ်ကောင်စီ စစ်ကြောင်းဟာ စက်တင်ဘာ ၂၀ရက်က ဘုတလင်မြို့ပေါ်ကနေ ကူတော်ရွာအထိုင်စခန်းကို စစ်ကူသွားကြတာဖြစ်ပြီး ရွာကနေ စစ်ကြောင်း ပြန်အထွက်မှာ ခုလို ပိတ်ဆို့ တိုက်ခိုက်ခံခဲ့ရတာပါ။

အဲ့ဒီ စစ်ကြောင်းဟာ ဘုတလင်ကနေ ကူတော်ရွာကိုသွားတဲ့ လမ်းတလျှောက် ကျေးရွာတွေကိုဝင်ကာ မီးရှို့သတ်ဖြတ်တာတွေ လုပ်ခဲ့ပြီး ကျွဲသေချောင်းရွာက ရွာသား တဦး၊ ဝန့်တုံရွာက ရွာသား ၂ ဦးနဲ့ ကတိုးရွာက ရွာသား ၁ ဦး သတ်ဖြတ်ခံခဲ့ရကာ ကတိုးရွာက နေအိမ် အလုံး ၂၀လည်း မီးရှို့ခံလိုက်ရတယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲအပြီးမှာတော့  ၆၀ မမ၊ ပစ္စတို၊ G3၊ MA 11၊ MA 1၊ 2၊ 3၊ 4 စတဲ့ လက်နက်ကြီး လက်နက်ငယ် ၅၀ခန့်၊ လက်နက်ကြီး အဖူးမျိုးစုံ၊ ဒရုန်း၊ ဂျန်ဘာစက်၊ ကျည်မျိုးစုံနဲ့ စစ်လက်နက် ဆက်စပ်ပစ္စည်းတွေကို တော်လှန်ရေတပ်တွေဘက်က သိမ်းနိုင်ခဲ့ကြပါတယ်။

အခုလက်ရှိ တိုက်ပွဲတွေနဲ့ စစ်ကောင်စီ စစ်ကြောင်းရန်ကြောင့် ကျွဲသေချောင်း ၊ စီပါ၊ အင်တိုင်း၊ ကတိုး စတဲ့ကျေးရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10