သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်တပ်က ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ယနေ့အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထိပ်ပိုင်းခေါင်းဆောင် လေးဦးကွယ်လွန်ခဲ့ပြီး သုံးဦးမှာ အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးအကျဉ်းချတာကို ခံခဲ့ရသူတွေဖြစ်ပါတယ်။
ဦးဥာဏ်ဝင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် တရားလွှတ်တော်ရှေ့နေ ဦးဉာဏ်ဝင်းဟာ အင်းစိန်ထောင်မှာ ကိုဗစ်ကူးစက်ခံရပြီးနောက် ၂၀၂၁ ဇူလိုင်လ ၁၁ ရက်မှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပြောင်းရွှေ့ဆေးကုသမှုခံယူနေရင်း ၉ ရက်အကြာမှာ ကွယ်လွန်ခဲ့ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် သူ့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)နဲ့ တရားစွဲဖမ်းခဲ့ တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ သူ့အသက် ၇၉ နှစ်ရှိပြီဖြစ်ပါတယ်။
နဝတ၊ နအဖ စစ်အစိုးရလက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ထားစဉ် စွဲဆိုထားတဲ့အမှုတွေကို ဦးဉာဏ်ဝင်းက ရှေ့နေလိုက်ပေးခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေရေးရာအထောက်အကူပြု အဖွဲ့ဝင်တဦးလည်း ဖြစ်ပါတယ်။
မုံရွာအောင်ရှင်
စစ်အာဏာသိမ်းတဲ့နေ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာပဲ အကြောင်းအရင်းမဲ့ အဖမ်းခံခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်ဟာ ၂၀၂၁ အောက်တိုဘာ ၁၈ ရက်က ပြန်လွတ်ပြီးနောက် ၂၀၂၁ နိုဝင်ဘာ ၂၈ ရက်မှာ နှလုံးရောဂါနဲ့ နေအိမ်မှာ ကွယ်လွန်ခဲ့ပါတယ်။
ကွယ်လွန်ချိန်မှာ အသက် ၇၇ နှစ်ရှိပြီဖြစ်တဲ့ မုံရွာအောင်ရှင်ဟာ စာရေးဆရာတယောက်အဖြစ်လည်း ထင်ရှားပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဒီလှိုင်းစာစောင်မှာ အယ်ဒီတာချုပ်လုပ်ခဲ့သူဖြစ်ပါတယ်။
မုံရွာအောင်ရှင်ရဲ့ ‘အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မှတ်တမ်း (၁၉၈၈-၂၀၁၀)’ ကို ဦးသိန်းစိန် အစိုးရလက်ထက် ပြန်ကြားရေးဝန်ကြီးဖြစ်ခဲ့သူ ဦးရဲထွဋ်က သူရေးခဲ့တဲ့ ‘Myanmar’s Political Transition and Lost Opportunities (2010-2016)’ အတွက် ကိုးကားခဲ့ရပြီး ရိုးသားဖြောင့်မတ်တဲ့ နိုင်ငံရေးသမားတယောက်လို့ မှတ်ချက်ပြုခဲ့ပါတယ်။
ဦးတင်ဦး
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနာယက သူရဦးတင်ဦးဟာ ၂၀၂၄ ဇွန် ၁ ရက်က ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့ပါတယ်။
သူဟာ ၈၈ အရေးအခင်းအပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီစတင်တည်ထောင်ခဲ့ချိန်ကတည်းက ပါတီခေါင်းဆောင်တဦးအဖြစ် လှုပ်ရှားဆောင်ရွက်ခဲ့ပြီး နောက်ပိုင်းမှာတော့ ပါတီနာယကအဖြစ်နဲ့ နေထိုင်ခဲ့ တာပါ။
သူ့ရဲ့တပ်မတော်သားဘဝမှာ တရုတ်ကူမင်တန်ကျူးကျော်မှုကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့တဲ့ တပ်မှူးတဦး အဖြစ်နဲ့ ထင်ရှားခဲ့ပါတယ်။
သူကွယ်လွန်ချိန်မှာ အသက် ၉၈ နှစ်အရွယ်ရှိပြီး မကွယ်လွန်ခင်က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့နေအိမ်ကို လာရောက်တွေ့ဆုံခဲ့ပါသေးတယ်။
ဒေါက်တာဇော်မြင့်မောင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ၊ ၂၀၁၅ ရွေးကောက်ပွဲအပြီး မန္တလေးတိုင်းဝန်ကြီးချုပ်ဖြစ်ခဲ့သူ ဒေါက်တာဇော်မြင့်မောင်ဟာ ၂၀၂၄ အောက်တိုဘာ ၇ ရက် မနက်ပိုင်းက မန္တလေးဆေးရုံကြီးမှာ ကွယ်လွန်ခဲ့ပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းတဲ့နေ့ ဖေဖော်ဝါရီ ၁ ရက်ကတည်းက စစ်တပ်က သူ့ကို ဖမ်းခေါ်သွားခဲ့တာဖြစ်ပြီး အမှု ၉ မှုနဲ့ တရားစွဲပြီး စုစုပေါင်း ထောင်ဒဏ် ၂၉ နှစ်ချမှတ်ခဲ့ပါတယ်။
ကင်ဆာရောဖြစ်နေတဲ့သူ့ကို အာဏာသိမ်းစစ်တပ်က အိုးဘိုထောင်မှာ အကျဉ်းချထားရာကနေ မကြာခဏ ဆေးရုံတက်ကုသပေးခဲ့ရတယ်လို့ အိုးဘိုထောင်က လွတ်မြောက်လာတဲ့ နိုင်ကျဉ်းဟောင်းတဦးက ပြောပါတယ်။
နာရေးကို မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်က သူ့ရဲ့ဖခင်ဖြစ်သူနေအိမ်မှာ ပြင်ဆင်ခဲ့ပြီး မန္တလေးတိုင်း စစ်ကောင်စီအဖွဲ့ဝင်တွေ လာရောက်ဂါရဝပြုကြတာတွေ့ရပါတယ်။
ကွယ်လွန်ချိန်မှာ အသက် ၇၃ နှစ်ရှိပြီဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်ရဲ့ အမရပူရမြို့နယ်က နေအိမ်ကိုတော့ စစ်ကောင်စီတပ်က ယနေ့အထိချိပ်ပိတ်ထားဆဲ ဖြစ်ပါတယ်။
၂၀၂၄ စက်တင်ဘာ ၂၇ ရက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း ၃၆ နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားကို NLD လူ့အခွင့်အရေးမှတ်တမ်းကောက်ယူရေးအဖွဲ့က တင်သွင်းတဲ့ အစီရင်ခံစာအရ အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထားတဲ့ ပါတီဝင် ၂,၂၄၈ ဦးနဲ့ ပါတီဝင် လွှတ်တော် ကိုယ်စားလှယ် ၁၄၅ ဦး ရှိပြီဖြစ်ပြီး အသတ်ခံရတဲ့ ပါတီဝင် ၁၀၉ ဦးအထိ ရှိပါတယ်။
#မြေလတ်အသံ
#ရုပ်ပုံလွှာ #ဦးဉာဏ်ဝင်း #မုံရွာအောင်ရှင် #သူရဦးတင်ဦး #ဒေါက်တာဇော်မြင့်မောင်
Share Share Share