စစ်အုပ်ချုပ်ရေးကြေငြာထားတဲ့ပေါင်းတည်မှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်သတ်ခံရ

စစ်အုပ်ချုပ်ရေးကြေငြာထားတဲ့ပေါင်းတည်မှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်သတ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်က စစ်ကောင်စီခန့်ရပ်/ကျေးအုပ်ချုပ်ရေးမှူး ၁ ဦးကို ဧပြီလ ၁၅ ရက် ဒီကနေ့မနက် ၁၀ နာရီခွဲဝန်းကျင်က သေနတ်နဲ့ပစ်ခတ်ခဲ့တယ်လို့ ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PPDF က သတင်းထုတ်ပြန်ပါတယ်။

ပစ်ခတ်ခံရသူဟာ ပေါင်းတည်မြို့နယ်၊ အဂ္ဂရာပြည့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ကိုထွန်းထွန်းဦး ဖြစ်ပြီး၊ သခွတ်စောက်ရွာက သူရဲ့နေအိမ်အတွင်းမှာ ပစ်ခတ်ခဲ့တာလို့ PPDF တာဝန်ရှိသူက မြေလတ်အသံကို ပြောပါတယ်။


"အိမ်ထဲဝင်ပြီးအနီးကပ်ပစ်ခဲ့တာပါ၊ နေရာမှာတင်မထနိုင်ဘူး။ နားထင်တချက်၊ကိုယ်လုံးတချက် မှန်တယ်။ နားထင်တေ့ပစ်တာဆိုတော့ နေရာမှာတင်သေတယ်။ အလောင်းကိုအဂ္ဂရာပြည့်က ကားတစီးနဲ့ မှတ်တိုင်ဆေးရုံတင်သွားတယ်" လို့ ပြောပါတယ်။

ကိုထွန်းထွန်းဦးဟာ ကျေးရွာသားတွေ ပျူစောထီးထဲဝင်ဖို့စည်းရုံးတာ၊ သင်တန်းလိုက်ပို့တာ၊ ကျွန်းသစ်ခိုးထုတ်နေသူတွေဆီက စစ်ကောင်စီအတွက် လိုင်းကြေးတောင်ပေးးတာ၊ တော်လှန်ရေးတက်ကြွလူပ်ရှားသူတွေကို သူ့ရဲ့ကျေးရွာအုပ်စုတွင်း နေမရအောင် လုပ်ဆောင်တာတွေအပြင် စစ်အုပ်စုကို နေအိမ်မှာကျွေးမွေးဧည့်ခံတာတွေကို လုပ်ဆောင်ခဲ့တယ်လို့ PPDF ရဲ့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

စစ်ကောင်စီရဲ့တယ်လီဂရမ်ချန်နယ်တွေမှာတော့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ထွန်းထွန်းဦး သေနတ်နဲ့ပစ်ခတ်ခံရပြီး မှတ်တိုင်ဆေးရုံကနေ ပြည်မြို့ကုတင် ၁၀၀ စစ်ဆေးရုံကိုတင်ပို့ချိန် လမ်းမှာသေဆုံးတယ်လို့ ဖော်ပြပါတယ်။

ဒီပစ်ခတ်မှုကို ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁ တပ်ခွဲ ၅ တောဘုရင်အဖွဲ့နဲ့ PDF တပ်ရင်း ၃၆၀၂ တပ်ခွဲ ၄ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး၊ မြို့နယ်အတွင်းက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေကို လည်း တာဝန်ကနှုတ်ထွက်ပြီးပြည်သူနဲ့ပူးပေါင်းဖို့ ထုတ်ပြန်ချက်မှာအသိပေးထားပါတယ်။

စစ်ကောင်စီဟာ ပေါင်းတည်မြို့ကို ဖေဖော်ဝါရီလ ၂ ရက်နေ့က စစ်အုပ်ချုပ်ရေး(မာရှယ်လော) ထုတ်ပြန်ကြေငြာထားတာလည်း ဖြစ်ပါတယ်။

ဧပြီလ ၁၄ ရက်မနေ့ညပိုင်းကလည်း ပေါင်းတည်မြို့နယ်၊ သိမ်ကုန်းရွာအနီးက မိုင်တဲတာဝါတိုင်စောင့် စစ်ကောင်စီတပ်တွေဟာ သင်္ကြန်မဏ္ဌပ်ဆောက်ပြီး ကျေးရွာနေပြည်သူတွေကို ဖိအားပေးခေါ်ယူကာ သောက်စားပျော်ပါးနေချိန် ပေါင်းတည် PDF က အဝေးထိမ်းအသံမိုင်းဖောက်ခွဲခဲ့ရာ မဏ္ဍပ်ဖျက်သိမ်းသွားခဲ့တယ်လို့ သိရပါတယ်။

စာတည်း- ရင်ငြိမ်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10