စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ပေါက်ခေါင်းက ရပ်/ကျေးအုပ်ချုပ်ရေးမှူး ခြင်းခတ်နေချိန် ပစ်သတ်ခံရ

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ပေါက်ခေါင်းက ရပ်/ကျေးအုပ်ချုပ်ရေးမှူး ခြင်းခတ်နေချိန် ပစ်သတ်ခံရ

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါက်ခေါင်းမြို့နယ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူး တဦးကို ဩဂုတ် ၁၆ ရက် မနေ့ညနေပိုင်းမှာ ဒေသကာကွယ်ရေးအဖွဲ့တွေက သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDFက သတင်းထုတ်ပြန်ထားပါတယ်။ 

ပေါက်ခေါင်းမြို့နယ်၊ အင်ငါးခွအုပ်စု တာကောက်ကျေးရွာက အသက် ၅၀ နှစ် အရွယ် အုပ်ချုပ်ရေးမှူး ဦးဇော်လင်းအောင်ဟာ ပေါက်ခေါင်း - ပြည်လမ်းဘေးက နေအိမ်ရှေ့မှာ ခြင်းခတ်နေချိန် ပစ်သတ်ခံလိုက်ရတာဖြစ်ပါတယ်။ 

သေနတ်နဲ့ ၄ ချက်ပစ်ခံရတဲ့အတွက် ဆီးခုံ၊ ခါးနဲ့ ပေါင် ၂ ဘက်ကို ထိမှန်ကာသေဆုံးသွားခဲ့ပါတယ်။ 

“အုပ်ကြီးက ခြင်းခတ်နေတာ အရင်ဆုံးလူစုခွဲတဲ့အနေနဲ့ မြေကြီးကို တချက်ပစ်ချိန်မှာ အုပ်ကြီးကကြောင်ပြီး ကြည့်နေတုန်း ရှင်းလိုက်တာ ပွဲချင်းပြီးပဲ” လို့  PPDF ရဲ့ သတင်းထောက်လှမ်းရေးတာဝန်ခံက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ ၅ က နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် လုပ်ဆောင်ခဲ့တာလို့ဆိုပါတယ်။ 

ဦးဇော်လင်းအောင်ဟာ သစ်ကားကြံကားတွေကို ပိုက်ဆံတောင်းတာ၊ ပိုက်ဆံမပေးနိုင်ပါက ထိုးကြိတ်တာတွေ လုပ်တဲ့အပြင်လောင်းကစားဝိုင်းတွေကို စစ်ကောင်စီအတွက် လိုင်းကြေးတောင်းတာ စတဲ့ စစ်ကောင်စီအလိုကျ လုပ်ဆောင်ပေးနေသူလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ပြီးခဲ့တဲ့ဧပြီလ ၁၉ ရက် နေ့လယ်ကလည်း ပေါက်ခေါင်းမြို့နယ် သဖန်းကိုင်းရွာအုပ်ချုပ်ရေးမှူး ကိုအေးနိုင်ကို သဖန်းကိုင်းရွာနဲ့ ကြို့ပင်ဝိုင်းရွာကြားမှာ ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရှင်းလင်းခဲ့ပါ သေးတယ်။

ပဲခူးတိုင်းအနောက်ခြမ်းမှာ ပေါင်းခေါင်း၊ ပေါင်းတည်၊ နတ်တလင်းနဲ့ အုတ်ဖိုမြိုတွေကို စစ်ကောင်စီက အခုနှစ်ဖေဖော်ဝါရီ  ၂ ရက်က စစ်အုပ်ချုပ်ရေးကြေညာထားလည်း ဖြစ်ပါတယ်။

ပုံစာ - စစ်ကောင်စီအုပ်ချုပ်ရေးမှူး ဦးဇော်လင်းအောင်။

စာလည်း - လင်းဇေ

#မြေလတ်အသံ

#စစ်အုပ်ချုပ်ရေး #ပဲခူးတိုင်း #ပေါက်ခေါင်း #တာကောက်ကျေးရွာ #ကျေးရွာအုပ်ချုပ်ရေးမှူး #PPDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10