စစ်အုပ်ချုပ်ရေးကြေညာထားရာ ပေါင်းတည်မြို့ပေါ်မှာ မီးကြိုးဖြတ်ခိုးခံရတာတွေ ရက်ခြားဆိုသလို ဖြစ်နေ

စစ်အုပ်ချုပ်ရေးကြေညာထားရာ ပေါင်းတည်မြို့ပေါ်မှာ မီးကြိုးဖြတ်ခိုးခံရတာတွေ ရက်ခြားဆိုသလို ဖြစ်နေ

ပဲခူးတိုင်းအနောက်ခြမ်းက စစ်အုပ်ချုပ်ရေးကြေညာထားရာ ပေါင်းတည်မြို့ပေါ်မှာ ၉ ရက်အတွင်းလျှပ်စစ်မီးကြိုးဖြတ်ခိုးခံရမှု ၃ ကြိမ်ထက်မနည်း ခိုးယူခံရတယ်လို့ မြို့ခံတဦးဆီက သိရပါတယ်။

ပေါင်းတည်မြို့ပေါ် မင်းကွက် ၃ ရပ်ကွက်၊ ရွှေတည် ၁ ကွက်သစ်နဲ့ ရန်ကုန်ပြည်လမ်းပေါ်က လျှပ်စစ်မီးကြိုးတွေဟာ ဩဂုတ် ၂၃  ရက်ကနေ ၃၁ ရက်အတွင်းမှာ ခိုးယူခံနေရတာလို့ ဆိုပါတယ်။

ဩဂုတ် ၃၁ ရက်မနေ့ညက ရန်ကုန်-ပြည်လမ်းပေါ်က အေးချမ်းသာယာကန်တော်မင်္ဂလာ (ယခင်ဘဲကန်ကြီး)၊ ဩဂုတ် ၂၈ ရက်မှာ ဂရိတ်ဆန်းဝပ်ရှော့နဲ့ ဩဂုတ် ၂၃ ရက်မှက ရွှေတည် ၁ စာသင်ကျောင်းက မီးကြိုးတွေခိုးယူခံရတာလို့ သိရပါတယ်။ 

“ဘဲကန်ကြီး(အေးချမ်းသာယာကန်တော်မင်္ဂလာ)က ဘုရားကျောင်းဆောင်နဲ့ ရေကန်တပတ်လည်ကို သွယ်တန်းထားတဲ့ လျှပ်စစ်ကြိုးတွေကို မနေ့ည (ဩဂုတ် ၃၁ ရက်)က ခိုးယူသွားတာပါ။ ၉ ရက်အတွင်းမှာကို မြို့ပေါ်မှာမီးကြိုးဖြတ်ခိုးခံရတာ ၃ ကြိမ်ထက်မနည်းရှိသွားပြီ။ လူမနေတဲ့အိမ်တွေကမီးကြိုးတွေလည်း ဖြုတ်ခိုးခံရတာတွေရှိသေးတယ်" လို့ မြို့ခံတဦးက ပြောပါတယ်။  

မီးကြိုးတွေမကြာခဏခိုးယူခံနေရတာကို မြို့နယ်ရဲတပ်ဖွဲ့ကလည်းသိပြီး  ပိုက်ဆံမရတဲ့အတွက် စိတ်ဝင်စားမှုမရှိဘဲ ပိုက်ဆံရတဲ့ဆိုင်ကယ်ဖမ်းဆီးတာကိုသာ အာရုံစိုက်နေကြတယ်လို့သူက ဆက်ပြောပါတယ်။

အခုနှစ် နှစ်ဆန်းပိုင်းကလည်း ပေါင်းတည်မြို့၊ နွယ်ချို ၁ ရပ်ကွက်၊ ၁၉ လမ်းထိပ်အနီး ဆက်သွယ်ရေးတိုင်က တယ်လီဖုန်းကြိုးတွေလည်း ခိုးယူခံခဲ့ရပါသေးတယ်။ 

စာသင်ကျောင်းက မီးကြိုးခိုးယူခံရတာဟာ  နိုင်ငံပိုင်ပစ္စည်းခိုးယူမှုဖြစ်ပြီး တရားဝင်အမှုဖွင့်ထားတာမျိုးတော့ မရှိဘူးလို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက ပြောပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်းမှာ ပေါင်းတည် အပါအဝင် အုတ်ဖို၊ နတ်တလင်းနဲ့ ပေါက်ခေါင်းမြို့တို့ကို စစ်ကောင်စီက အခုနှစ်ဖေဖော်ဝါရီ ၂ ရက်က စစ်အုပ်ချုပ်ရေးကြေငြာထားတာလည်း ဖြစ်ပါတယ်။

ပုံစာ - လျှပ်စစ်မီးကြိုးခိုးယူခံရသည့် အေးချမ်းသာယာကန်တော်မင်္ဂလာကန်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #ပဲခူးတိုင်းအနောက်ခြမ်း #ပေါင်းတည် #စစ်အုပ်ချုပ်ရေး #ခိုးယူမှု #လျှပ်စစ် #ဖြတ်တောက်မှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10