စစ်အုပ်စုက စစ်ရှောင် ၁၀ ဦးကို ဓါးစာခံအဖြစ်ဖမ်းပြီး ၂ ဦးကိုပြန်လွှတ်ခဲ့

စစ်အုပ်စုက စစ်ရှောင် ၁၀ ဦးကို ဓါးစာခံအဖြစ်ဖမ်းပြီး ၂ ဦးကိုပြန်လွှတ်ခဲ့

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်း (ပျူရွာ)က စစ်သားနဲ့ ပျုစောထီးတပ်ဖွဲ့တွေဟာ တောင်ယာလုပ်နေတဲ့ စစ်ရှောင် ၁၀ ဦးကို ဓားစားခံအဖြစ် ဖမ်းဆီးသွားပြီး ၂ ဦးကိုတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။  

ဇွန်လ ၂၃ ရက် ဒီနေ့မနက် ၉ နာရီလောက်မှာ စစ်ကောင်စီအဖွဲ့တွေက အင်အား ၁၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထွက်လာချိန်မှာ ညောင်ပင်စောက်ရွာနဲ့ ကွမ်းကိုင်းရွာက စစ်ရှောင်ပြည်သူတွေနဲ့တိုးပြီး တဆက်တည်း ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။

“သူတို့ (စစ်ကောင်စီ)က ဇွန်လ ၉ ရက်နေ့ကတည်းက ပုလဲနယ်ထဲကိုဝင်လာတာ၊ ဒီနေ့မှာ ပြန်ထွက်တာ၊ ပြန်ထွက်ချိန် ညောင်ပင်စောက်ကျေးရွာအတိုင်းသွားတော့ တောတွေထဲမှာ တောအလုပ်လုပ်နေကြတဲ့ ပြည်သူတွေကိုတွေ့ပြီ ဖမ်းခေါ်သွားတာ” လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ကိုဇော်ထက် က မြေလတ်အသံကို ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသား၊ အမျိုးသမီး ဘယ်နှစ်ဦးပါလဲဆိုတာကို အတိအကျမသိရသေးပေမဲ့ အဲ့ဒီထဲမှာပါတဲ့ ညောင်ပင်စောက်ကျေးရွာက အမျိုးသား ၂ ဦးကိုတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။ 

"သူတို့စစ်ကြောင်းက ရွာတွေကိုပတ်သွားနေရာကနေ ညောင်ပင်စောက်က ရွာသား ၂ ဦးကို လူသားဒိုင်းလုပ်ဖို့ ဖမ်းသွားတယ်။ ညောင်ပင်သာ အရှေ့ဘက်နားရောက်တော့ ပြန်လွှတ်ပေးလိုက်တယ်လို့တော့ သိရတယ်။ သူတို့ကို ရိုက်နှက်တာလည်း မရှိဘူးတဲ့။ ဒီအတိုင်းခေါ်သွားပြီး ပြန်လွှတ်လိုက်တာ"လို့ ပုလဲမြို့နယ် ပအဖ တာဝန်ရှိသူက ပြောပါတယ်။

အဲ့ဒီစစ်ကောင်စီ စစ်ကြောင်းဟာ ပုလဲမြို့နယ်ထဲမှာပဲ ရှိနေသေးတဲ့အတွက် ဒေသကာကွယ်ရေး တပ်ဖွဲ့တွေအနေနဲ့လည်း အခြေအနေကို စောင့်ကြည့်နေသလို ပုလဲမြို့နယ်ထဲက ကျေးရွာ ပကဖတွေကိုလည်း သတိပေးထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီမနက်ပိုင်းမှာ စစ်ကြောင်းဖြတ်သွားတဲ့ ညောင်ပင်စောက်၊ ကွင်းကိုင်း၊ ကံကြီး၊ မင်းမအနောက်၊ ကတိုးကုန်း၊ ကြောင်သန်း၊ ကျေးနင်းကြီး၊ မုန်ဂျိုင်း စတဲ့ကျေးရွာတွေက ဒေသခံတွေဟာ စစ်ကြောင်းလာချိန် ရွာလုံးကျွတ်ထွက်ပြေးရပြီး စစ်ကြောင်းက ရွာကို ကျော်သွားချိန်ကျမှ ရွာထဲပြန်ဝင်ခဲ့ကြရတယ်လို့လည်း သိရပါတယ်။ 

 

ပုံစာ - ပုလဲနယ်က စစ်ရှောင်အချို့။ (ပုံဟောင်း)

 

ကျော်ကြီး၊ စာတည်း - လင်း

 

#မြေလတ်အသံ 

#စစ်ကိုင်း #ပုလဲ #စစ်ရှောင် #စစ်ကောင်စီ #ဖမ်းဆီး #လူသားဒိုင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10