သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ စစ်တပ်အထိုင်ချတပ်စွဲထားတဲ့ မင်းရွာက စစ်သားနဲ့ပျူစောထီးတွေဟာ အနီးကျေးရွာတချို့ကို အီနာဂါဗုံးသီးနဲ့ ပစ်ချတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတဦး ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇွန်လ ၂၉ ရက် ညနေ ၅ နာရီလောက်မှာ စစ်ကောင်စီတပ်သားတွေက မင်းရွာနဲ့ မိုင်းဝက်ခန့်အကွာရှိ ငတရော်ရွာကို ဒရုန်းအသုံးပြုပြီး ဗုံးသီး ၄ လုံးကြဲချ တိုက်ခိုက်ခဲ့ရာမှာ အဲ့ဒီရွာခံ အမျိုးသမီးတဦးသေဆုံးခဲ့တာ ဖြစ်ပါတယ်။
"အီနာဂါ ၄ လုံးချတာ ၂ လုံးက မကွဲပါဘူး။ အိမ်မှာထိုင်နေတုန်း နောက်ကျောဘက်ကျလို့ ကျောကုန်းတခုလုံး စုတ်ပြတ်ပြီး သေသွားတယ်။ ဒီကောင်(စစ်ကောင်စီ)တွေ အရမ်းကိုဆိုးသွမ်းနေတာ ကြာပြီ။ မီးရှို့ခံရလို့ အကုန်လုံး ပြောင်နေပြီ။ ပျူနဲ့စစ်သားတွေ ရက်စက်လွန်းပါတယ်" လို့ ရွာသားတဦးက ပြောပါတယ်။
သေဆုံးသူမှာ အသက် ၃၆ နှစ်အရွယ် မစန်းဌေးဖြစ်ပြီး သူရဲ့နေအိမ်နဲ့ ခြံဝင်းရှိ သစ်ပင်အချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီစစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေဟာ အနီးကျေးရွာတွေဘက်ကို ၆၀ မမ လက်နက်ကြီးတွေနဲ့လည်း မကြာခဏဆိုသလို ပစ်ခတ်လေ့ရှိတာကြောင့် ကျေးရွာနေပြည်သူတွေလည်း ထိန့်လန့်နေကြရပါတယ်။
အခုနောက်ပိုင်း ရေစကြိုနယ်အတွင်းမှာ စစ်ကောင်စီအဖွဲ့တွေက ဒရုန်းတွေကို ပိုမိုအသုံးပြုလာပြီး ဒရုန်းနဲ့ PDF စခန်းတွေကို ဗုံးကြဲတိုက်ခိုက်တာတွေလုပ်လာတယ်လို့ ရေစကြိုနယ်အတွင်း စစ်ရေးလှုပ်ရှာနေတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
“ဒရုန်းစစ်ဆင်ရေးတွေ တော်တော်လုပ်လာတယ်။ ခုဆိုရင် ဒရုန်းနဲ့ချတာတွေ တော်တော်များတယ်၊ PDF စခန်းတွေဆိုရင်၊ ကျနော်တို့မှာ သူတို့လို ဂျန်ဘာလည်းမရှိတော့ သူတို့ကတော့ ဒရုန်းကို အေးဆေး ချနိုင်တယ်။ PDF ကင်းစခန်းတွေဆိုရင် ဒရုန်းနဲ့ (ဗုံး)ကြဲတယ်” လို့ Myingyan Black Tiger (MBT) မှ ဗိုလ်မိုက်ခဲက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီက သူတို့တပ်စွဲရာအနီးက ကျေးရွာတွေကိုလည်း ဒရုန်းနဲ့တိုက်ခိုက်ပြီး ခြိမ်းခြောက်တာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
“အဓိက သူတို့အထိုင်ချနေတဲ့ အနီးဆုံးမှာရှိတဲ့ ပြည်သူတွေရှိတဲ့ နေရာတွေကို ပြည်သူတွေအပေါ်မှာ ခြိမ်းခြောက်ချင်တာရော အကြမ်းဖက်ရက်စက်ချင်တာရော ယုတ်မာချင်တာရော အဲ့လိုမျိုးနဲ့ ဒရုန်းတွေ ပတ်ချနေတာတွေရှိတယ်” လို့ ရေစကြို PDF ပခုက္ကူခရိုင် အမှတ်(၃) တပ်ရင်းတပ်ရင်းမှူး ဗိုလ်မှိုင်းတေဇက ပြောပါတယ်။
ရေစကြိုမြို့နယ်အတွင်းမှာ စစ်ကောင်စီအဖွဲ့တွေနဲ့ ဒေသခံကာကွယ်ရေးတပ်တို့ မကြာခဏထိတွေ့မှုတွေဖြစ်နေပြီး၊ ဒေသခံ ကျေးရွာသားအချို့နဲ့ CDM ဝန်ထမ်းတွေလည်း စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးသတ်ဖြတ်တာတွေကို ခံနေကြရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလလယ်ပိုင်းကလည်း မင်းရွာမှာ တပ်စွဲထားတဲ့ စစ်သားနဲ့ပျူစောထီး ပူးပေါင်းအဖွဲ့ဟာ ပေါက်တောရွာက CDM ကျောင်းဆရာမတဦးကို သေနတ်နဲ့ပစ်သတ်ခဲ့ပါသေးတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#မကွေး #ရေစကြို #မင်းရွာ #ငတရော်ရွာ #အီနာဂါ #ဗုံးသီးချ #အမျိုးသမီး #သေဆုံး
Share Share Share