စစ်အုပ်စုက လက်နက်ကြီးနဲ့ပစ်လို့ လင်မယား ၂ ဦး ထိမှန်ဒဏ်ရာရ

စစ်အုပ်စုက လက်နက်ကြီးနဲ့ပစ်လို့ လင်မယား ၂ ဦး ထိမှန်ဒဏ်ရာရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကံသစ်ကျေးရွာကနေ စစ်သားနဲ့ပျူစောထီးတွေက ၆၀ မမ လက်နက်ကြီးနဲ့ပစ်ခတ်ရာ သမန္တပို့ရွာထဲကို ကျရောက်ပြီး အဲ့ဒီရွာက အသက် ၄၀ အရွယ် လင်မယား ၂ ဦးကို ထိမှန်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ဇူလိုင် ၁၂ ရက်မနေ့က ညနေပိုင်းလောက်မှာ လက်နက် ၅ လုံးနဲ့ပစ်ခတ်ခဲ့ရာ ၃ လုံးက သမန္တပို့ရွာထဲကို ကျရောက်ခဲ့တာဖြစ်ပါတယ်။ 

“လက်နက်ကြီးထိမှန်ထားတဲ့ လင်မယားကို ဆေးဝါးကုသမှု ပြုလုပ်ပေးထားပါပြီ။ သူတို့ရဲ့နာမည်တွေကိုတော့ လုံခြုံရေးအရ ပြောလို့မရပါဘူး။ အဲ့ဒီကောင်(စစ်ကောင်စီ)တွေက ဒီရွာတွေကို စစ်ကြောင်းအမြဲထိုးတယ်။ တိုက်ပွဲတွေလည်းဖြစ်တယ်။ အဲ့ဒီရွာထဲမှာ စကစတွေ အထိနာ ထားတဲ့နေရာလည်းဖြစ်တယ်” လို့ ရေစကြိုဒေသခံတဦးက ပြောပါတယ်။

ခုပစ်ခတ်တဲ့ စစ်ကောင်စီအဖွဲ့ဟာ ကံသစ်ရွာမှာ တပ်စွဲနေတာမဟုတ်ဘဲ အဲ့ဒီဒေသခံတဝိုက်က ရွာတွေကို စစ်ကြောင်းလည်ရင်း မထင်ရင်မထင်သလို ရောက်တဲ့ကျေးရွာကနေ အခြားရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်လေ့ရှိတာလည်း ဖြစ်ပါတယ်။ 

ခုလိုပစ်ခတ်တာကြောင့် ဒေသခံတွေအနေနဲ့ ကျေးရွာကနေ တိမ်းရှောင်ခဲ့ရပေမယ့် လက်ရှိမှာတော့ ကျေးရွာထဲမှာ ပြန်လည်ဝင်ရောက် နေထိုင်နေပြီလို့လည်း သိရပါတယ်။

ဇူလိုင် ၈ ရက်ကလည်း အင်အား ၃၀ ဝန်းကျင်ပါတဲ့ စစ်သားနဲ့ ပျူစောထီးတပ်ဖွဲ့တို့ဟာ ရေစကြိုနယ်ထဲက ရှစ်အိမ်တန်းကျေးရွာထဲကို ဝင်ရောက်လာပြီး လမ်းသွားလမ်းလာပြည်သူတွေကို ဓားစားခံအဖြစ်ဖမ်းဆီးကာ ဇီးကျွန်းရွာဘက်ကို ခေါ်ဆောင်သွားတယ်လို့လည်း သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ရေစကြို #ကံသစ်ရွာ #စစ်ကောင်စီ #ပျူ #လက်နက်ကြီးပစ် #လင်မယား #ကျည်ထိမှန်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10