စစ်အုပ်စုက လက်နက်ကြီးနဲ့ပစ်လို့ ၂ နှစ်အရွယ် ကလေးတဦးသေဆုံး

စစ်အုပ်စုက လက်နက်ကြီးနဲ့ပစ်လို့ ၂ နှစ်အရွယ် ကလေးတဦးသေဆုံး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကျွဲခြံကုန်းကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အတွက် အသက် ၂ နှစ်အရွယ်ကလေးတဦး ကျည်ထိမှန်သေဆုံး သေဆုံးခဲ့တယ်လို့ မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။ 

စစ်ကောင်စီတပ်တွေက နိုဝင်ဘာ ၂၉ ရက် မနေ့ည ၁၂ နာရီလောက်မှာ ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ကာ ကျွဲခြံကုန်းကျေးရွာနဲ့ မိုင်ဝက်လောက်ဝေးတဲ့ ဘိုးကုန်းကျေးရွာကို ကျည်ကျရောက် ပေါက်ကွဲခဲ့ပြီး ကျေးရွာဒေသခံ မိသားစုတစုကို ထိမှန်ခဲ့တာပါ။ 

အဲ့ဒီထဲက ကလေးတဦးကတော့ ပွဲချင်းပြီးသေဆုံးခဲ့ပြီး ကျန်မိသားစုဝင်တွေကတော့ ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ 

“နာရေးကတော့ ဒီမနက်မှာပဲ ပြုလုပ်လိုက်ပါပြီ။ သူတို့(စစ်ကောင်စီ)တွေ အရင်ရက်တွေတုန်းကလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ပစ်ထုတ်တာမျိုးတွေရှိလို့  ရွာသားတွေလည်း ရွာထဲမှာ မနေရဲလို့ ထွက်ပြေးတိမ်းရှောင်နေတာမျိုးတွေရှိတယ်” လို့ မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

တဆက်တည်းမှာပဲ နွား ၃ ကောင်လည်း ကျည်ထိမှန် သေဆုံးခဲ့ပါသေးတယ်။ ကျွဲခြံကုန်းကျေးရွာမှာ စစ်ကောင်စီတပ်တွေက အင်အား ၅၀ ဝန်းကျင်နဲ့ တပ်စွဲထားတဲ့ ၁၀ ရက်နီးပါးရှိပြီး မကြာခဏ လက်နက်တွေနဲ့ပစ်လို့ ဒေသခံအချို့လည်း ကျေးရွာကထွက်ပြေးတိမ်းရှောင်ကြရတယ်လို့ ဆိုပါတယ်။ 

နိုဝင်ဘာ ၂၇ ရက်ကလည်း ကျွဲခြံကုန်းကျေးရွာမှာအထိုင်ချထားတဲ့ စစ်ကောင်စီတပ်သားတွေကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက Shar Htoo Waw နည်းပညာသုံး ဒရုန်းတွေနဲ့ သွားရောက် ပစ်ခတ်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရရှိသူတွေ ရှိခဲ့ပါသေးတယ်။  

လက်ရှိအချိန်မှာလည်း မတ္တရာမြို့နယ်ထဲမှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်တို့ရဲ့ စစ်ရေး အခြေအနေတွေ တင်းမာနေတယ်လို့ ဒေသခံကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #မတ္တရာ #စစ်ကောင်စီ #လက်နက်ကြီးပစ် #ကလေးငယ်သေဆုံး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10