စစ်အုပ်စုက လက်နက်ကြီးနဲ့ပစ်လို့ ၅ နှစ်အရွယ် ကလေး ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

စစ်အုပ်စုက လက်နက်ကြီးနဲ့ပစ်လို့ ၅ နှစ်အရွယ် ကလေး ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်ကနေ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တဲ့အတွက် ၅ နှစ်အရွယ် ယောက်ျားလေး ၁ ဦးသေဆုံးခဲ့ပြီး အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ People’s Defense Comrade ဆီကသိရပါတယ်။

ဇူလိုင် ၁၉ ရက် ဒီနေ့လယ် ၁ နာရီလောက်က ရေးဦးမြို့တိုင်းရင်းဆေးရုံမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ခင်ဦးအနောက်ခြမ်းကို  ၁၂၀ မမ လက်နက်ကြီးတလုံးနဲ့ ပစ်ခတ်ခဲ့ရာ သက်ပေးရွာထဲကိုကျရောက်ပြီး အဲဒီရွာက ကလေး ၁ ဦးနဲ့ အမျိုးသား ၂ ဦးကို ထိမှန်သွားခဲ့တာလို့ ဆိုပါတယ်။

“နေအိမ်တအိမ်တည်း ၃ ယောက်ထိတယ်။ ဆေးကုသွားရင်း ကလေး ၁ ဦးကလမ်းမှာ ဆုံးသွားတယ်။ လူကြီး ၂ ဦးကတော့ ဆေးကုသမှုခံယူနေတယ်” လို့ ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား)က မြေလတ်အသံကို ပြောပါတယ်။

အခုလို စစ်ကောင်စီတပ်က ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တာဟာ ရေဦးကနေ အင်အား ၁၀၀ ကျော်ပါတဲ့ ခမရ ၇၀၂ နဲ့ ၇၀၈ က တပ်သားတွေပူးပေါင်းပြီး ဆည်းကြီးရွာနဲ့  ဇိန်ဇွန်းရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့အတွက် ပစ်ကူပေးနေရတာလို့လည်း ဆိုပါတယ်။

“ဒီနေ့မနက် စစ်ကြောင်းထိုးလာတဲ့ တပ်ဖွဲ့ကို ကာပြီးထုပေးတယ်လို့ ခန့်မှန်းရတယ်။ အဲ့ဒီစစ်ကြောင်းက ဇွန်ကစလို့ ရေဦးကနေ ခင်ဦးနယ်၊ ရွှေဘိုနယ်တွေဘက်ကို ၁ လကျော်လောက် ရွာစဉ်ပတ်မွှေ မီးရှို့ လူသတ်နေတဲ့ စစ်ကြောင်းပဲ” ကိုထူးခန့်ဇော် (အမေ့သား)က ဆက်ပြောပါတယ်။

လက်ရှိအချိန်မှာတော့ အဲ့ဒီစစ်ကြောင်းဟာ ရေဦးတောင်ဘက်ခြမ်းရှိ ဆည်ကြီးနဲ့ ဇိန့်ဇွန်းရွာမှာ တပ်စွဲထားတဲ့အတွက် ရေဦးနယ်တောင်ဘက်ခြမ်းမှာရှိတဲ့  ရွာသာလေး၊ မူးသာကုန်း၊ ကုက္ကိုစု၊ ပိဋကတ်ကျ၊ ဇိန့်ဇွန်း၊ ပေါက်သာ၊ ဆည်ကြီး၊ ချောင်းပေါက် စတဲ့ကျေးရွာက ဒေသခံ ၅ ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ 

ပုံစာ - အခုနှစ် ဇွန်လအတွင်း ထွက်ပြေးတိမ်းရှောင်နေရသည့် ရေဦးတောင်ခြမ်းနှင့် ဒီပဲယင်းအရှေ့ခြမ်းမှ စစ်ရှောင်များ။ (ပုံဟောင်း)

စာတည်း - လင်း

#မြေလတ်အသံ

#စစ်ကိုင်း #ရေဦး #စစ်ကောင်စီ #လက်နက်ကြီးပစ် #ကလေးတဦးသေဆုံး #ဒေသခံ၂ဦးဒဏ်ရာရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10