စစ်အုပ်စုက လက်နက်ကြီးနဲ့ ပစ်လို့ ၂ နှစ်အရွယ်ကလေး ၁ ဦးသေဆုံး

စစ်အုပ်စုက လက်နက်ကြီးနဲ့ ပစ်လို့ ၂ နှစ်အရွယ်ကလေး ၁ ဦးသေဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ပေါက်အူကျေးရွာမှာ ဇူလိုင်လ ၁ ရက် ဒီကနေ့ နေ့လယ် ၂ နာရီခန့်က အသက် ၂ နှစ်အရွယ်ကလေးငယ် ၁ ဦး လက်နက်ကြီးကျည်စထိမှန်သေဆုံးသွားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
 
အင်အား ၅၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်က ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ ပတ္တာဆိပ်ကမ်းကနေ မအူကျေးရွာဘက်ကို ၆၀ မမ လက်နက်ကြီး ၆ လုံး ပစ်ခတ်ခဲ့ပြီး အဲ့ဒီလက်နက်ကြီးကျည် ကျရောက်‌ထိမှန်တာကြောင့် နေအိမ်အတွင်းရှိနေတဲ့ အသက် ၂ နှစ်အရွယ် မနှင်းရွှေရည်လင်း သေဆုံးသွားတာလို့ ဆိုပါတယ်။
 
“မြင်းခြံဘက်ကနေလာတဲ့ စစ်ကြောင်းက ပတ္တာဆိပ်ကမ်းကိုရောက်လာပြီး အဲ့ဒီကနေပစ်တာ။ ပတ္တာဆိပ်ကမ်းနဲ့ ပေါက်အူရွာကမြစ်ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်းပဲ။ ကလေးကအိမ်မှာဆော့နေရင်း ထိသွားတယ်။ အဲ့ဒီစစ်**တွေက လက်ရှိပတ္တာဆိပ်ကမ်းကနေ ရေလယ်ကျွန်းဘက်ကိုကူးဖို့ပြင်နေတယ်။” လို့ Yay Lal Kyun News တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။
 
လက်နက်ကြီးပစ်ခတ်တာကြောင့် ပေါက်အူရွာဒေသခံတွေဟာ ကျေးရွာအတွင်းမှာမနေရဲကြတော့ဘဲ နီးစပ်ရာ ကျေးရွာတွေဘက်ကိုထွက်ပြေးတိမ်းရှောင်နေရလို့ သေဆုံးသွားတဲ့ ကလေးငယ်ရဲ့ နာရေးကိစ္စတွေကိုလည်း ဆောင်ရွက်နိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။
 
ဇွန်လ ၂၉ ရက်ကလည်း မင်းရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီ၊ ပျူစောထီးတပ်ဖွဲ့တွေက လက်နက်ကြီးနဲ့ ပစ်ခတ်သလို ဒရုန်းနဲ့ အီနာဂါဗုံးသီးတွေပစ်ချတိုက်ခိုက်ခဲ့လို့ ငတရော်ရွာက အသက် ၃၆နှစ်အရွယ် မစန်းဌေး သေဆုံးသွားခဲ့ပါတယ်။
 
စာတည်း − ရင်ငြိမ်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10