စစ်အုပ်စုက သတ်စားမှာကြောက်လို့ နွားတွေကို ရတဲ့စျေးနဲ့ရောင်းချ

စစ်အုပ်စုက သတ်စားမှာကြောက်လို့ နွားတွေကို ရတဲ့စျေးနဲ့ရောင်းချ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲက ဒေသခံအချို့ဟာ မွေးမြူထားတဲ့နွားတွေကို စစ်အုပ်စုက သတ်စားမှာကိုကြောက်လို့ ရတဲ့စျေးနဲ့ရောင်းချကြသူတွေရှိလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရောင်းချတဲ့အထဲမှာ ခိုင်းနွားတွေအပြင် တပိုင်တနိုင်မွေးမြူထားတဲ့နွားမတွေနဲ့ သားပေါက်နွားငယ်တွေလည်း ပါဝင်ပြီး အားလုံးနီးပါးက ပွဲစားကိုပဲရောင်းချနေတာလို့ ကန့်ဘလူဒေသခံတဦးက ပြောပါတယ်။

"နွားလှည်းသုံးဖို့ ခိုင်းနွား ၂ ကောင်လောက်ပဲထားကြတော့တယ်။ ကျန်တာတွေက ရောင်းချပစ်ကြတယ်၊ ဝယ်သူပေးတဲ့စျေးနဲ့ ရောင်းရတာ၊ အရင်ကတကောင်ကို ၁၂ သိန်းတန်ရင် အခု ၁၀ သိန်းပဲရတယ်။ ခေါင်းမာပြီး မရောင်းနိုင်တော့ဘူး၊ မရောင်းပဲနေရင်လည်း စစ်တပ်က ပစ်ခတ်စားတယ်၊ ဝက်တွေဆိုလည်း မောင်းပြီးယူသွားကြတာ" လို့ ပြောပါတယ်။

အာဏာမသိမ်းခင်က ဒေသခံတွေဟာ ခိုင်းနွားတွေအပြင် အနည်းဆုံးနွားမ ၅ ကောင်လောက်စီ မွေးမြူထားကြပေမယ့် အခုအခါ နွားတွေလည်းရှားပါးလာတယ်လို့ သူကဆက်ပြောပါတယ်။

ရွှေဘိုဒေသခံတဦးကလည်း ကြိုးနဲ့ချည်ထားတဲ့နွားအချို့ မီးလောင်သေဆုံးတာတွေရှိတာကြောင့် တောတိုက်တွေထဲကို လွှတ်ထားကြသူတွေလည်းရှိတယ်လို့ ဆိုပါတယ်။

အဲဒီဒေသတွေမှာ စပါး၊ ပဲ၊ ပြောင်း၊ နှမ်း အဓိကစိုက်ပျိုးကြပြီး စိုက်ပျိုးရေးနဲ့ထွက်ကုန်တွေကို သယ်ဆောင်ရာမှာ ခိုင်းနွားတွေကိုအသုံးပြုခဲ့ကြသလို လက်ရှိစစ်ပြေးရှောင်ရာမှာလည်း နွားလှည်းတွေကို အသုံးပြုကြသူတွေလည်းရှိတယ်လို့ သိရပါတယ်။

စာတည်း − လင်း

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10