စစ်အုပ်စုက အမျိုးသား ၃ ဦးကိုဖမ်းပြီး နေအိမ်နဲ့ယာတဲတွေကို မီးရှို့

စစ်အုပ်စုက အမျိုးသား ၃ ဦးကိုဖမ်းပြီး နေအိမ်နဲ့ယာတဲတွေကို မီးရှို့

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်၊ ပျဥ်းမခေါင်ရွာမှာ စစ်ကောင်စီတပ်သားတွေက အမျိုးသား ၃ ဦးကို ဖမ်းဆီးပြီး နေအိမ်နဲ့ယာတဲအချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

နယ်တလင်းမြို့နယ်၊ ပဲခူးရိုးမအစပ်ရှိ ကွင်းကျယ်ရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီအင်အား ၇၀ လောက်ဟာ မနေ့ကမနက်ပိုင်းမှာ ပျဥ်းမခေါင်ရွာကို ဝင်ရောက်လာကာ နေအိမ် ၁၅ လုံးနဲ့ ယာစောင့်တဲ ၁၀ လုံးကို မီးရှို့ပြီး ရွာသား ၃ ဦးကို ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။ 

“ပျဉ်းမခေါင်ကို စစ်တပ်ဝင်လာလို့ စစ်ရှောင်ပြေးသွားတဲ့ ရွာသား ၃ ဦးကို လက်ပြန်ကြိုးတုပ် ရိုက်ပုတ်ခေါ်သွားတာ။ ဒီနေ့ (ဒီဇင်ဘာ ၂၇)ထိ သေလားရှင်လား သတင်းမကြားရသေးဘူး” လို့ ဒေသခံရွာသားတဦးက ပြောပါတယ်။ 

ဖမ်းဆီးခံရသူတွေဟာ အသက် ၆၂ နှစ်အရွယ် ဦးတင်ကျော်၊ ၃၀ နှစ်အရွယ် ကိုသန်းကျော်နဲ့ ၃၅ နှစ်အရွယ် ကိုအကြီးလေးတို့ဖြစ်ပါတယ်။ 

ဖမ်းဆီးပြီးနောက် စစ်ကြောင်းက ကြက်မနက်ရွာကို ဆက်သွားပြီး ညနေ ၃ နာရီလောက်မှာ ရွာထဲက နေအိမ် ၅ လုံးကိုမီးရှို့ပြီးနောက် တညအိပ်စခန်းချခဲ့ကာ ဒီဇင်ဘာ ၂၇ ရက် ဒီမနက်ပိုင်းမှ ကရင်ဆင်ရွာကို စစ်ကြောင်းပြန်ထွက်သွားတယ်လို့ ဆိုပါတယ်။ 

လက်ရှိမှာ မီးရှို့ခံရတဲ့ ကျေးရွာ ၂ ရွာက စစ်ရှောင် ၅၀ ဦးလောက် ရွာကနေ တိမ်းရှောင်နေရပါတယ်။ 

ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းပြန်ကြားရေးနဲ့ ဆက်သွယ်ရေးတာဝန်ခံကတော့ အဲ့ဒီစစ်ကြောင်းက ခွဲထွက်လာတဲ့ စစ်သားအင်အား ၄၀ လောက်ဟာ ဒီနေ့ မွန်းလွဲပိုင်းမှာ ပေါင်းတည်မြို့နယ် လဲပင်ရွာကိုရောက်ရှိနေတယ်လို့  ပြောပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ ဒီဇင်ဘာ ၁၉ ရက်ကနေ ၂၄ ရက်အတွင်း ရစ်ကွင်းရွာ၊ လေးအိမ်တန်းရွာနဲ့ သရက်ချောင်းရွာ အလယ်စု၊ သဖန်းချောင်းရွာ အရှေ့စု၊ ညောင်လေးပင်ရွာနဲ့ ကွေ့ကြီးရွာ အနီးတဝိုက်က စစ်ရှောင်တဲတွေအပြင် ညောင်လေးပင်နဲ့ ကွေ့ကြီးရွာက နေအိမ်တွေကိုပါ မီးရှို့ဖျက်ဆီးကာ ဒေသခံ ၇ ဦးကိုလည်း မီးရှို့သတ်ခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #နတ်တလင်း #စစ်ကောင်စီ #မီးရှို့ #ဖမ်းဆီး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10