စစ်အုပ်စုက အသက် ၆၀ အရွယ် အမျိုးသားတဦးကို သေနတ်နဲ့ပစ်သတ်

စစ်အုပ်စုက အသက် ၆၀ အရွယ် အမျိုးသားတဦးကို သေနတ်နဲ့ပစ်သတ်

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်၊ ညောင်နီပင်အုပ်စုက အမျိူးသားတဦးကို စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးဆီက သိရပါတယ်။ 

ညောင်နီပင်အုပ်စု၊ ပျဉ်စင်ရွာမှာ နေထိုင်တဲ့ အသက် ၆၄ နှစ်အရွယ် ဦးစန်းဝင်းကို အင်အား ၂၄ ဦးပါ စစ်ကောင်စီစစ်ကြောင်းက ဒီဇင်ဘာ ၁၃ ရက် မနေ့ကမနက် ၉ နာရီခွဲလောက်က ညောင်နီပင်ရွာရဲ့ တောင်ဘက် ၄ ဖာလုံအကွာ ကျောက်ဖျာကြီးတောင်ကြောမှာ နွားကျောင်းနေချိန် ပစ်သတ်ပြီး အဲ့ဒီနေရာမှာပဲ မြေမြှုပ်ပစ်ခဲ့တာလို့ ဆိုပါတယ်။

 “ဘယ်နှစ်ချက်မှန်တာလဲတော့ မသိရဘူး။ ယာထဲကပြန်လာသူက သေနတ်သံကြားပြီး စစ်သားတွေ အလောင်းမြေမြှုပ်နေတာကို မြင်လိုက်လို့ သိရတာ။ သူလည်း တုန်ယင်နေတာပဲ” လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။ 

လက်ရှိမှာ ဆွေမျိုးတွေက အလောင်းကိုမဖော်ရဲလို့ ရက်လည်ဆွမ်းသွတ်ဖို့ပဲ စီစဉ်နေတယ်လို့ သူကဆက်ပြောပါတယ်။ 

ဦးစန်းဝင်းဟာ နွားအငှားကျောင်းပေးနေသူဖြစ်ကာ အိမ်ထောင်မရှိသူ လူပျိူကြီးဖြစ်တယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက် ညနေကလည်း ပေါင်းတည်မြို့နယ်နဲ့ နယ်မြေထိစပ်နေတဲ့ ပေါက်ခေါင်းမြို့နယ်၊ တောင်လတ်ကြီးအုပ်စု၊ ဒိုးနွယ်ကြီးရွာက အသက် ၅၀ ကျော်အရွယ် ဦးမြအုန်း ဆိုသူကို နှမ်းခြွေနေချိန် စစ်ကောင်စီစစ်ကြောင်းက သေနတ်နဲ့ပစ်သတ်ခဲ့ပါသေးတယ်။ 

စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်အထိ စစ်ကောင်စီတပ်တွေနဲ့ လက်ပါးစေတို့ကြောင့် သေဆုံးခဲ့ရတဲ့ပြည်သူ စုစုပေါင်း ၄၂၅၅ ဦး ရှိပြီလို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း - AAPP က ထုတ်ပြန်ထားပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ပေါင်းတည် #ညောင်နီပင်အုပ်စု #အမျိုးသားတဦး #အသတ်ခံရ #စစ်အုပ်စု #ပစ်သတ် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10