စစ်အုပ်စုပစ်တဲ့ လက်နက်ကြီးက ပြည်သူတဦးကိုထိမှန်

စစ်အုပ်စုပစ်တဲ့ လက်နက်ကြီးက ပြည်သူတဦးကိုထိမှန်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ နိုဝင်ဘာ ၂၈ ရက်ည ၈ နာရီလောက်မှာ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးနဲ့ပစ်ခတ်ရာ ဒေသခံအမျိုးသားတဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီ က သိရပါတယ်။ 

ပခုက္ကူဒေသအခြေစိုက် ခလရ ၂၅၉ က စစ်ကောင်စီတပ်သားတွေဟာ တပ်ရင်းကနေ ၁ မိုင်ခွဲလောက်ဝေးတဲ့ ကျွဲတဲကျေးရွာဘက်ကို ပစ်ခတ်ချိန် လက်နက်ကြီးကျည်က ရွာမြောက်ပိုင်းရှိ နေအိမ်တအိမ်ပေါ်ကို ကျရောက်ပြီး ၄၅ နှစ်အရွယ် အမျိုးသားတဦးရဲ့ ပေါင်ကို ထိမှန် ဒဏ်ရာရရှိခဲ့တာပါ။  

“၂၅၉ တပ်က ပစ်လိုက်တာ အသံအကျယ်ကြီးမြည်ပြီး မီးတန်းနဲ့ ကျည်ထွက်သွားတာ လူတွေ အကုန်လုံးမြင်ရတယ်။ သက်သက်မဲ့ပစ်နေတာ” လို့  ဒေသခံတဦးက ပြောပါတယ်။

လက်ရှိမှာ ဒဏ်ရာရအမျိုးသားကို ဆေးကုသပေးနေပြီး ဒဏ်ရာပျောက်ကင်းပါက အတွင်းကလက်နက်ကြီးအစကို ပြန်ခွဲထုတ်ပေးရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

လက်နက်ကြီးကျည်ကျရောက်လို့ နေအိမ်အမိုးတွေပျက်စီးသွားပြီး အထက်ပါအမျိုးသားကလွဲရင် ကျန်မိသားစုတွေက နေအိမ်မှာမရှိတဲ့အတွက် ထိခိုက်မှုကနေ ကင်းလွတ်ခဲ့ကြတာလို့ ဆိုပါတယ်။ 

နိုဝင်ဘာ ၂၉ ရက်မနက်ပိုင်းမှာတော့ ကျည်ဆံကျရောက်ခဲ့တဲ့ နေရာဝန်းကျင်ကို စစ်သားတွေက အိမ်စီးကားတစီး ဆိုင်ကယ်တစီးနဲ့ ရောက်လာပြီး ၎င်းတို့ လက်ချက်မဟုတ်ဘဲ PDF တွေ ပစ်တယ်ဆိုပြီး ပြောဆိုသွားတယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်ညနေကလည်း ပခုက္ကူမြို့နယ်၊ အိုင်ကြီးကျေးရွာအနီးကို စစ်ကောင်စီကပစ်တဲ့ လက်နက်ကြီးကျည်ကျလို့ အသက် ၃၈ နှစ်အရွယ် အမျိုးသမီးတဦး သေဆုံးခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ပခုက္ကူ #စစ်ကောင်စီ #လက်နက်ကြီးပစ် #အမျိုးသားတဦးထိခိုက် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10