စစ်အုပ်စုပစ်လိုက်တဲ့ လက်နက်ကြီးစ ထိမှန်ပြီး အမျိုးသားတဦး ဒဏ်ရာရ

စစ်အုပ်စုပစ်လိုက်တဲ့ လက်နက်ကြီးစ ထိမှန်ပြီး အမျိုးသားတဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် အရှေ့ခြမ်း၊ တောင်လှတောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်သားနဲ့ ပျူစောထီး ပူးပေါင်းတပ်ဖွဲ့က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်စ ထိမှန်ပြီး အမျိုးသားတဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧပြီလ ၂၆ ရက် မနေ့ည ၈ နာရီချိန်လောက်မှာ အဆိုပါ စစ်အုပ်စုက လက်နက်ကြီး ၂ လုံးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့လို့ ဝက်လက်မြို့နယ်၊ ထုံဘိုကျေးရွာက အသက် ၃၄ နှစ်အရွယ် ကိုကျောက်လုံးရဲ့လက်ကို လက်နက်ကြီးစ ထိမှန်သွားခဲ့တာလို့ Wetlet Informational Network မှ တာဝန်ရှိသူတဦးက ပြောပါတယ်။


“ကိုကျောက်လုံးက သူ့အိမ်မှာ ထမင်းစားနေရင်း ထိမှန်တယ်လို့ သိရတယ်။ သူရဲ့နွားတကောင်လည်း လည်ပင်းထိပြီး သေသွားတယ်။ အဲဒီတောင်ပေါ်မှာ သူတို့တွေ တပ်စွဲထားတာ ၂ လကျော်ပြီ။ အဲဒီမှာ လက်နက်ကြီးတွေ တပ်ဆင်ထားပြီးတော့ နေတိုင်းလိုလို ရွာတွေဘက်ကို ပစ်ထုတ်နေတာ” လို့ ဆိုပါတယ်။

တောင်လှတောင်ပေါ်မှာ စစ်အုပ်စုက အင်အားဘယ်လောက်နဲ့ တပ်စွဲထားတယ်ဆိုတာ မသိရပေမယ့် စစ်သားအင်အားထက် ပျူစောထီးအင်အားက များပြီး၊ လွန်ခဲ့တဲ့ ၂ လောက်ဝန်းကျင်ကတည်းက ညပိုင်းတွေဆိုရင် လက်နက်ကြီးတွေနဲ့ ကျေးရွာတွေဘက်ကို ပစ်လေ့ရှိတယ်လို့ သိရပါတယ်။

“သူတို့က ညရောက်တိုင်း လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်နေတာပဲ။ လူတွေထိတာထက် တိရိစ္ဆာန်တွေ ပိုထိတာများတယ်။” လို့ ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီစစ်အုပ်စုဟာ ခုဧပြီလအတွင်းမှာပဲ ရွှေဘိုနဲ့ ဝက်လက်မြို့အစပ်မှာရှိတဲ့ မန်းကျည်းသုံးပင်ရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားခဲ့ပါသေးတယ်။

စာတည်း - လင်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10