စစ်အုပ်စုဖမ်းသွားတဲ့ ပြည်သူ ၂၀ ကျော်ထဲက ၄ ဦးအသတ်ခံရပြီး ကျန်လူတွေကို ငွေနဲ့ ပြန်ရွေးရ

စစ်အုပ်စုဖမ်းသွားတဲ့ ပြည်သူ ၂၀ ကျော်ထဲက ၄ ဦးအသတ်ခံရပြီး ကျန်လူတွေကို ငွေနဲ့ ပြန်ရွေးရ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ စစ်အုပ်စုလက်အောက်ခံပျူစောထီးတွေက ဖမ်းဆီးသွားတဲ့ ပြည်သူ ၂၃ ဦးအနက် ၄ ဦး အသတ်ခံလိုက်ရပြီး ကျန် ၁၉  ဦးကိုတော့ ငွေနဲ့ရွေးယူခဲ့ရတယ်လို့ ဒေသခံတွေနဲ့ မြေပြင်ရဲဘော်တွေထံက သိရပါတယ်။

အသတ်ခံရသူ ၄ ဦးမှာ တောင်ရွာသစ်ရွာက အသက် ၄၂ နှစ် အရွယ် ကိုကျော်ခိုင်၊ အသက် ၂၄ နှစ်အရွယ် ကိုတင့်ဇော်ဦး၊ အသက် ၃၀ နှစ်အရွယ် ကိုထွန်းလှိုင်နဲ့ အသက် ၂၂ နှစ်အရွယ် ကိုထွန်းနိုင်လင်းတို့ဖြစ်ပြီး ၎င်းတို့ကို စစ်တပ်လက်အောက်ပျူစောထီးတွေက အင်မထီးရွာကို ဖမ်းဆီးသွားပြီးနောက် သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။

“ အမျိုးသား ၄ ဦး သေဆုံးတဲ့ ရက်ကို မသိရသေးဘူး။ အလောင်းတွေတော့ ပြန်မရဘူး။ ပြန်လွတ်လာသူတွေကိုလည်း နည်းမျိုးစုံနဲ့နှိပ်စက်ထားတာ” လို့  ယင်းမာပင်ခရိုင် အမှတ် ၁၂ တပ်ရင်း တပ်ထောက်တာဝန်ခံ ရဲဘော်နေမင်းက ပြောပါတယ်။

မေ ၂၄ ရက်မှာ တောင်ရွာသစ်ရွာက ပြည်သူ ၂၁ ဦးနဲ့ ကျောက်ကုန်းတောတိုက်က အမျိုးသမီး ၂ ဦး စုစုပေါင်း ၂၃ ဦးမှာ တောင်ယာလုပ်ငန်းတွေလုပ်ကိုင်နေစဉ် ပျူစောထီးအဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီးကာ ၎င်းတို့ရဲ့ရွာဖြစ်တဲ့ တောင်ရွာသစ်ရွာနဲ့  ၃ မိုင်အကွာ အင်မထီးရွာကို ဖမ်းသွားခဲ့တာလို့  ဆိုပါတယ်။

“ ပျူစောထီးတွေက PDF အယောင်ဆောင်ပြီး ဟိုတကွက်၊ ဒီတကွက် လယ်ထွန်နေသူတွေကို ဖမ်းသွားတာ” လို့ အထက်ပါရဲဘော်က ဆိုပါတယ်။

ပုလဲမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဇော်ထက်ကလည်း တောင်ရွာသစ်ရွာနဲ့ ကျောက်ကုန်းတောတိုက်တို့မှာ ပြည်သူတွေဖမ်းဆီးသတ်ဖြတ်ခံရတာနဲ့ပတ်သက်ပြီး ဖြစ်စဉ်မှန်ကန်ကြောင်း အတည်ပြုပြောဆိုပါတယ်။

မေ ၂၇ ရက် ဒီကနေ့မှာတော့ ပျူစောထီးတွေထံအသတ်မခံရဘဲ ကျန်နေတဲ့  ၁၉ ဦးကို ၎င်းတို့ရဲ့ မိသားစုဝင်တွေက ငွေကျပ် ၂၅ သိန်း၊ ဘီယာ ၃ ဖာ၊  အရက် ၁ ဖာ အပါ အခြားအစားအစာတွေနဲ့ ပြန်ရွေးခဲ့ရလို့ ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ ဆိုပါတယ်။

ပြန်လွတ်လာသူတွေဟာ ရွာသစ်တောရွာခံ ကိုကျော်မြင့်လွင်၊ ကိုကျော်မြင့်ဌေး၊ ကိုအောင်ဖြိုး၊ ကိုငမိုး၊ ကိုအောင်ဖြိုးဟိန်း၊ ကိုပုလဲ၊ ကိုမျိုးဇော်၊ ကိုကျော်သန်း၊ ကိုကျော်မျိုးဆန်း၊ ကိုငပိန်၊ ကိုငသန်းနဲ့ မမိဝေ၊ မပြည့်ပြည့်၀င်း၊ မဌေးမြင့်၊ မဇာဇာနှင်း၊ မသဲသဲမာ၊ မ၀ါဝါရွှေ၊ မဇင်မာအောင်နဲ့ ကျောက်ကုန်းတောတိုက်က အမည်မသိအမျိုးသမီးတဦး စုစုပေါင်း ၁၉ ဦးဖြစ်ပါတယ်။

ပြန်လည်လွတ်မြောက်လာသူတွေရဲ့ခန္ဓာကိုယ်တွေမှာ ဓါးနဲ့မွှန်းတာ၊ နံကြားတွေကို ဓါးနဲ့ထိုးတာ၊ လက်တွေမှာ သံဖောက်ရိုက်တာနဲ့ နောက်ကျောတွေမှာရိုက်နှက်တာ စတဲ့ညှင်းပန်းနှိပ်စက်ထားတဲ့ ဒဏ်ရာတွေရရှိနေပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေမျိုးတော့မရှိဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၈ ရက်ကတော့ အင်မထီးရွာက ပျူစောထီး ၇ ဦးဟာ ပုလဲမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီထံ လာရောက်ခိုလှုံခဲ့ပါ‌သေးတယ်။

ပုံံစာ - ပျူစောထီးများက ဖမ်းဆီးပြီးနောက် နှိပ်စက်ခံထားရသည့် ပြည်သူများ။

စာတည်း - ဟိန်းစံ။

#မြေလတ်အသံ

#စစ်ကိုင်း #ပုလဲ #ပျူစောထီး #ဖမ်းဆီး #နှိပ်စက် #သတ်ဖြတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10