စစ်အုပ်စုရဲ့ပစ်ခတ်မှုကြောင့် PPDF ရဲဘော်တဦးထိမှန်သေဆုံးပြီး လက်နက်အချို့ဆုံးရှုံး

စစ်အုပ်စုရဲ့ပစ်ခတ်မှုကြောင့် PPDF ရဲဘော်တဦးထိမှန်သေဆုံးပြီး လက်နက်အချို့ဆုံးရှုံး

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်လိုက်တဲ့ ဗုံးသီးအစထိမှန်ပြီး ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PPDF မှ ရဲဘော်တဦး သေဆုံးပြီး၊ တဦးဒဏ်ရာရရှိကာ လက်နက်အချို့ပါ ဆုံးရှုံးခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။ 

ပေါင်းတည်မြို့နယ်၊ ပဲခူးရိုးမအစပ် ရုပ်ဆိုင်ရွာအနီးမှာ ဇူလိုင် ၂၀ ရက် မနက်အစောပိုင်းမှာ စစ်ကောင်စီဘက်ကပစ်လိုက်တဲ့ ၄၀ မမ ဗုံးသီး ထိမှန်တဲ့အတွက် အသက် ၃၅ နှစ်အရွယ် ရဲဘော်တဦး သေဆုံးခဲ့တာပါ။ 

"ရဲဘော် ၄ ဦး မနက်ထမင်းစားနေတုန်း ၄၀ မမနဲ့ ပစ်တာကိုခံရတာ တဦးကပွဲချင်းပြီးကျပြီး တဦးက ဒဏ်ရာရသွားတာ။ ကျန်ရဲဘော် ၂ ယောက်ကလည်း ထွက်ပြေးရင်း လက်နက်တွေကျကျန်ခဲ့တာ"လို့ PPDFတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

လက်ရှိ ပေါင်းတည်မြို့နယ်အပိုင် ပဲခူးရိုးမအစပ်မှာ လှုပ်ရှားနေတဲ့စစ်ကောင်စီတပ်တွေက စစ်ကြောင်းလှည့်ချိန် ၄၀ မမ နဲ့ပစ်ခတ်ရာ လယ်တဲတခုမှာထမင်းစားနေတဲ့ PPDF ရဲဘော်တွေကို ထိမှန်ခဲ့တာလည်း ဖြစ်ပါတယ်။ 

ထွက်ပြေးခဲ့ရတဲ့ ရဲဘော်တွေဆီကနေ MA 3 ရိုင်ဖယ် ၁လက်၊ M 4 ၁ လက်၊ တူမီး ၁ လက်၊ ကျည် ၆၀ တောင့်၊ ယမ်း ၁ ဗူးနဲ့ အခြားအသုံးအဆောင်အချို့ ကျကျန်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက် မနက်ကလည်း ပေါင်းတည်မြို့နယ်၊ သစ်ပုတ်အုပ်စု၊ စမ်းမအိုင်ရွာနဲ့ ဘုတ်တိုင်ကျောလမ်းစုံမှာ အင်အား ၆၀ လောက်ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်သားတွေကို  PPDF က လက်နက်ငယ်နဲ့ ပစ်ခတ်ခဲ့လို့ ၂ ဦးသေကာ တဦးဒဏ်ရာရရှိခဲ့ပါသေးတယ်။

စာတည်း - လင်း

#မြေလတ်အသံ

#ပဲခူး #ပေါင်းတည် #PPDF #၄၀မမ #ထိမှန် #ရဲဘော်သေဆုံး #စစ်ကောင်စီ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10