စစ်အုပ်စုရဲ့ ဖမ်းဆီးခံပြည်သူတွေကို ကယ်ထုတ်ရင်း PDF ရဲဘော် ၇ ဦးသေဆုံး

စစ်အုပ်စုရဲ့ ဖမ်းဆီးခံပြည်သူတွေကို ကယ်ထုတ်ရင်း PDF ရဲဘော် ၇ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ယင်းတောရွာက ရွာသားတွေကို စစ်ကောင်စီတပ်တွေက ဓားစားခံအဖြစ် ဖမ်းဆီးထားတာကို သွားရောက်ကယ်ထုတ်တဲ့ PDF ရဲဘော် ၇ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဧပြီလ ၄ ရက်မနေ့ကမနက်ပိုင်းမှာ ယင်းတောရွာကိုအင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေက ရွာသား ၅ ဦးကို ဘုန်းကြီးကျောင်းမှာ ဖမ်းဆီးထားခဲ့ချိန်မှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက သွားရောက်ကယ်ထုတ်ရင်း စိုင်နိုင်လေး နဲ့ ဘုန်းဘွဲ့ရွာကြားမှာ စစ်အုပ်စုနဲ့ထိတွေ့မှုဖြစ်ပြီး GZ Special Task Force – Wetlet က ရဲဘော် ၂ ဦးအပါအဝင် ၇ ဦးသေဆုံးခဲ့တာပါ။


“ကျနော်တို့တပ်ဖွဲ့ထဲက ရဲဘော် ၂ ယောက်ကတော့ ကျသွားပါတယ်။ ပစ်ခတ်မှုတွေဖြစ်နေတဲ့အချိန် ဒဏ်ရာရတဲ့ရဲဘော်ကိုသွားကယ်ရင်း ထိသွားတာပါ။ စစ်တပ်တယ်လီဂရမ်မှာ တင်ထားတဲ့ပုံက ကျနော်တို့ရဲ့ ရဲဘော်ပုံပါ။ ကချင်စစ်ဝတ်စုံနဲ့တယောက်က ကျနော်တို့တပ်ဖွဲ့ကပါ၊ နောက်တယောက်က သူ့အကျီအိတ်မှာ ကွမ်းထုပ်ထည့်ထားတဲ့ တယောက်ကလည်း ကျနော်တို့အဖွဲ့ကပါ၊ ကျန်တဲ့ရဲဘော်တွေက အခြားအဖွဲ့ကပါ” လို့ GZ Special Task Force – Wetlet မှ တာ၀န်ရှိသူတဦးက ပြောပါတယ်။

ရဲဘော် မုန့်လုံး ၂၀ နှစ် နဲ့ ရဲဘော် ကတုံး ၂၂ နှစ်တို့ သေဆုံးခဲ့တာဖြစ်ပြီး၊ ကျန်ရဲဘော် ၅ ဦးက ဘယ်အဖွဲ့ကလဲဆိုတာနဲ့ နောက်ဆက်တွဲအချက်အလက် တွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေဆဲပါ။

ကျဆုံးသွားတဲ့ ရဲဘော် ၂ ဦးရဲ့ ရုပ်အလောင်းကိုတော့ ဧပြီလ ၄ ရက်မနေ့ကပဲ မီးသင်္ဂြုလ်ပေးလိုက်ပြီလို့ ဆိုပါတယ်။

ထိတွေ့မှုဖြစ်နေချိန်အတွင်း ဖမ်းဆီးခံပြည်သူတွေကို ကယ်ထုတ်နိုင်ခဲ့ကာ၊ နေ့လယ် ၁ နာရီလောက်မှာတော့ စစ်ကောင်စီတပ်တွေက ရွှေဘို - ဝက်လက်မြို့နယ်အစပ်ကို ပြန်လည်ထွက်ခွာသွားခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10