စစ်အုပ်စုလုံခြုံရေးယူထားတဲ့ ဖဲဝိုင်းကို ဝင်တိုက်လို့ ပျူစောထီး ၄ ဦးအပါ ၅ ဦးသေဆုံး

စစ်အုပ်စုလုံခြုံရေးယူထားတဲ့ ဖဲဝိုင်းကို ဝင်တိုက်လို့ ပျူစောထီး ၄ ဦးအပါ ၅ ဦးသေဆုံး

ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်က စစ်တပ်နဲ့ ပျူစောထီးခေါင်းဆောင်တွေ ဦးဆောင်လုပ်နေတဲ့ ဖဲဝိုင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၄ ဦးနဲ့ စစ်သား ၁ ဦးသေဆုံးခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုရဲ့ တာဝန်ရှိသူက ပြောပါတယ်။

အုတ်ဖိုမြို့နယ်၊ မြောင်ကျေးရွာက အိမ်တအိမ်မှာ ပြုလုပ်နေတဲ့ ဖဲဝိုင်းကို ဇန်နဝါရီ ၇ ရက် မနေ့က နေ့လယ် ၂ နာရီလောက်မှာ သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂၊ တပ်ခွဲ ၄၊ မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုက တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

ဒီတိုက်ခိုက်မှုကြောင့် မြောင်ကျေးရွာအုပ်ချုပ်ရေးမှူးလည်းဖြစ် ပျူစောထီးခေါင်းဆောင်လည်းဖြစ်သူ ကိုကျော်ကိုကို အပါအဝင် ပျူစောထီး ၄ ဦးသေဆုံးနဲ့ စစ်သား ၁ ဦးသေဆုံးခဲ့တာပါ။  

“ကျော်ကိုကိုက ပြီးခဲ့တဲ့လ(ဒီဇင်ဘာလ) ကတည်းက ၆၆ အင်းမတပ်မှာ ပျူစောထီး သင်တန်းတက်ပြီး ပျူစောထီးစစ်သင်တန်းဆရာလည်းဖြစ်လို့ ပြည်သူတွေရဲ့ သတင်းပေးဖို့ချက်နဲ့ စစ်ရေးပစ်မှတ်အနေနဲ့ တိုက်ခိုက်ခဲ့တာပါ” လို့ တာဝန်ခံဗိုလ်တောက်တဲ့က ပြောပါတယ်။

ဒီတိုက်ခိုက်မှုဟာ ၁၀ မိနစ်လောက်သာကြာမြင့်ပြီး နေအိမ်အတွင်း ရှင်းလင်းရှာဖွေချိန်ကလည်း  ၅ မိနစ်လောက်သာကြာမြင့်ခဲ့ပါတယ်။ စစ်အုပ်စုကဘက်က ပြန်လည် တိုက်ခိုက်တာမျိူး မရှိခဲ့သလို ကျန်တဲ့ကျေးရွာသားတွေလည်း ထိခိုက်မှုမရှိဘူးလို့ ဗိုလ်တောက်တဲ့က ဆက်ပြောပါတယ်။

လောင်းကစားဝိုင်းကနေ လက်လုပ်သေနတ် ၂ လက်၊ လက်ပစ်ဗုံး၂ လုံး၊ မိုလ်ဘိုင်းဖုန်း ၃ လုံး၊ ငွေကျပ် ၇၈,၀၀၀၊ စစ်ယူနီဖောင်း ၈ စုံ၊ မှတ်ပုံတင် ၁ ခုနဲ့ စာရွက်စာတန်းတချို့ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက် ညနေပိုင်းကလည်း အုတ်ဖိုမြေအောက်ပြောက်ကျားတပ်ဖွဲ့ဟာ အုတ်ဖိုမြို့နယ်၊ ဝိုင်းအုပ်စုအပိုင် ရေတာကျေးရွာနဲ့ ကျေးပင်အင်းကျေးရွာကိုအုပ်ချုပ်ရတဲ့ ပျူစောထီးခေါင်းဆောင် ကိုသန်းနိုင်နဲ့ ဇနီး မခင်ဌေးမြင့်တို့ကို သေနတ်နဲ့ပစ်သတ်ပြီး နေအိမ်ကိုရှာဖွေရာ လက်ပစ်ဗုံး ၂ လုံး၊ အီနာဂါ ၁ လုံး၊ အီနာဂါ ပို့ကျည် ၁ လုံး၊ ၅.၅၆ ကျည် ၆ တောင့်နဲ့ စကားပြောစက် ၁ လုံးတို့သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ 

စာတည်း - လင်း  

#မြေလတ်အသံ

#ပဲခူး #အုတ်ဖို #စစ်ကောင်စီ #ပျူစောထီး #ဖဲဝိုင်း #လုံခြုံရေးယူ #ပစ်ခတ် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10