စဉ့်ကူးနဲ့ငါန်းဇွန်မှာ လေယာဉ်ဗုံးကြဲလို့ ကာကွယ်ရေးရဲဘော် ၂ ဦးအပါ ၁၄ ဦး တရက်တည်း သေဆုံး

စဉ့်ကူးနဲ့ငါန်းဇွန်မှာ လေယာဉ်ဗုံးကြဲလို့ ကာကွယ်ရေးရဲဘော် ၂ ဦးအပါ ၁၄ ဦး တရက်တည်း သေဆုံး

မန္တလေးတိုင်း၊ စဉ့်ကူးနဲ့ငါန်းဇွန်မြို့နယ်တွေမှာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကာကွယ်ရေးရဲဘော် ၂ ဦးအပါ ၁၄ ဦး တရက်တည်းမှာသေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။

ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာကို စက်တင်ဘာ ၂၀ ရက် မနေ့ညနေ ၄ နာရီကျော်လောက်မှာ တိုက်လေယာဉ် ၂ စီးဟာ ရွာဘုန်းကြီးကျောင်းနဲ့ ရွာပြင်ရှိ ကာကွယ်ရေးတပ်ဖွဲ့အထိုင်ဂိတ်စခန်းကို ဗုံး ၃ လုံး ကြဲချခဲ့တဲ့အပြင်  ပစ်ခတ်မှုတွေလည်း ပြုလုပ်သွားခဲ့တာလို့ ဆိုပါတယ်။

" ပစ်မှတ်က တိတိကျကျလာပြီး ပစ်သွားတာ။ ခန့်မှန်းပစ်တာ မဟုတ်ဘူး။ ကျနော်တို့ ဂိတ်ရယ်၊ စခန်းနားက ဘုန်းကြီးကျောင်းရယ်ပေါ့ဗျာ။  တိတိကျကျကို ပစ်သွားတာ။ ထိခိုက်သေဆုံးတာက မနေ့က ပြည်သူ ၈ ယောက်ရယ်၊ ရဲဘော် ၂ ယောက်ရယ် body(အလောင်း)ကောက်ရတယ်။ ဒီနေ့မနက်မှာတော့ ပြည်သူ ၁ ယောက် body ပြန်ကောက်ရတယ်" လို့ ငါန်းဇွန်ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ် ။

ကာကွယ်ရေးတပ်ဖွဲ့တွေ အထိုင်ချထားတဲ့ဂိတ်စခန်းအနီးမှာ ဈေးဆိုင်တည်ရှိပြီး အဆိုပါစျေးဆိုင်မှာ ရွာခံတွေက စျေးဝယ်နေကြချိန် လေယာဉ်လာရောက်ဗုံးကြဲသွားတာကြောင့် အခုလိုအရပ်သားတွေ သေဆုံးမှုများပြားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ ၁၀ ဦးထက်မနည်းရှိသလို ဘုရားစေတီတွေ နဲ့ နေအိမ်တချို့လည်း ထိမှန်ပျက်စီးသွားပြီးဒေသခံ ၁၀၀၀ နီးပါးလည်း ရှောင်တိမ်းနေရပါတယ် ။

အလားတူ စက်တင်ဘာ ၂၀ ရက် မနေ့ညနေ ၆ နာရီခန့်မှာလည်း စဉ့်ကူးမြို့နယ်၊ ကံတောင်ကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၃ ဦးသေဆုံးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖ သတင်းတာဝန်ခံထံက သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုဟာ ပြည်သူတွေကို ပစ်မှတ်ထားပြီး ကျေးရွာအတွင်းကြဲချတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူတွေအပြင် ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာတွေရရှိခဲ့ကာ ဒဏ်ရာပြင်းထန်သူတွေလည်းရှိတယ်လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

" တိုက်ပွဲမရှိပါဘူး။ ဒီဘက်က စစ်တပ်မထိန်းနိုင်တဲ့နယ်မြေတွေဖြစ်နေတော့ လေယာဥ်ခဏခဏ လာကြဲတယ်" လို့ ၎င်းက ပြောပါတယ်။

စဉ့်ကူးမြို့နယ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက သိမ်းယူထားနိုင်ပြီးနောက် ရွှေလုပ်ကွက် ရှိတဲ့နေရာတွေကို စစ်ကောင်စီက မကြာခဏ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဟာ ၎င်းတို့မြေပြင်နယ်မြေစိုးမိုးမှုမရတော့တဲ့ ရှမ်းမြောက်၊ ရခိုင်၊ ကရင်နီ၊ မန္တလေး၊ မကွေးနဲ့စစ်ကိုင်းတိုင်းတွေထဲက မြို့နယ်တွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပြီး ယခုစက်တင်ဘာလဆန်းပိုင်းမှာတင် လေကြောင်းတိုက်ခိုက်မှုကြောင့် အထက်ပါဒေသတွေမှာ လူ ၃၀ ထက်မနည်း သေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။

ပုံစာ - စဉ့်ကူးမြို့နယ်၊ ကံတောင်ရွာလေကြောင်းတိုက်ခိုက်ခံရမှုအတွင်း သေဆုံးသူတွေရဲ့ နာရေးမြင်ကွင်း။

စာတည်း- ဟိန်းစံ။

#မြေလတ်အသံ

#မန္တလေးတိုင်း #စဉ့်ကူး #ငါန်းဇွန် #AirStike #ကံတောင်ကျေးရွာ #လေကြောင်းတိုက်ခိုက်မှု 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10