သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ စလင်းမြို့နယ်၊ စမ်းကလေးမြောက်ရွာကို ဒီဇင်ဘာ ၁၆ ရက်နေ့လယ် ၁ နာရီကျော်မှာ စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကပစ ၂၁ နဲ့ ကပစ ၂၂ က စစ်ကောင်စီအင်အား ၃၀၀ ပါစစ်ကြောင်းဟာ စမ်းကလေးမြောက်ရွာထဲကို ဝင်ရောက်လာပြီး နေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။
“စစ်ကြောင်းက အဓိက မီးကြိုးကိုပြင်တာခုတုံးလုပ်ရင်းနဲ့ ပြည်သူကိုစစ်ကြောင်းထိုးတဲ့ သဘောပါပဲ။ မီးကြိုးလိုင်းတွေကို ပြင်ရင်းနဲ့လာတာ။ ရရင်ရသလိုလုပ်တာ အခုချိန်ထိရွာထဲမှာရှိနေတုန်း၊ ရွာသားတွေက ကြိုတင်ရှောင်ထားတော့ ဖမ်းဆီးခံရတာတွေမရှိဘူး။” လို့ စလင်းနယ်ခံတဦးက ပြောပါတယ်။
ဒီဇင်ဘာ ၁၇ ရက်ဒီမနက်ပိုင်းအထိ စစ်ကောင်စီတပ်သားအများစုက ရွာထဲမှာရှိနေပြီး လက်နက်ကြီးပါတဲ့ကား ၁ စီးသာ ၇ မိုင်အကွာက မြို့လှရွာနဲ့ ထန်းတပင်ရွာကြားမှာရှိတဲ့ EPC မီးရုံးထဲကို ပြန်ဝင်သွားတယ်လို့ဆိုပါတယ်။
အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ စမ်းကလေးမြောက်ရွာဟာ အခုလိုမီးရှို့ခံရတာပထမအကြိမ်ဖြစ်ပြီး စစ်ကောင်စီအဖွဲ့တွေ ရွာထဲမှာရှိနေသေးတာကြောင့် ပျက်စီးမှုအခြေအနေတွေကိုမသိရသေးဘူးလို့ ဆိုပါတယ်။
အလားတူ အဲဒီစစ်ကြောင်းဟာ ဒီဇင်ဘာ ၁၅ ရက်ကလည်း စည်ဆွဲရွာထဲကဝင်ရောက်ကာ ဒေသခံတွေရဲ့ပစ္စည်းတွေကို စစ်ကား ၆ စီးနဲ့သယ်ပြီး EPC မီးရုံးထဲကိုယူသွားခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကြောင်းဝင်ချိန် သက်ကြီးပိုင်းအမျိုးသား ၁ ဦးသေဆုံးခဲ့တယ်လို့ သတင်းရထားပြီး ဘာကြောင့်သေဆုံးခဲ့တယ်ဆိုတာကိုတော့ အတိအကျတော့မသိရသေးဘူးလို့ အထက်ပါဒေသခံ ကပြောပါတယ်။
“စည်ဆွဲရွာကို ကား ၆ စီး အသွားအပြန် သယ်နေတာ။ စည်ဆွဲရွာတရွာလုံး ဘာပစ္စည်းမှမရှိတော့ဘူး။ နေအိမ်တွေကိုတော့ မီးရှို့သွားတာမျိုးမရှိဘူး။ ရွာထဲက လူ ၁ ယောက်ကိုသတ်သွားတယ်လို့ သတင်းရတယ်၊ အတိအကျတော့ မသိရသေဘူး။ လေဖြန်းနေတဲ့အဖိုးကြီးက ဘယ်မှသွားစရာမရှိတော့ ပြုစုမဲ့သူမရှိလို့သေတာပဲလား၊ သူတို့ကြောင့်ပဲ သေတာလားဆိုတာတော့ အတိကျမသိရဘူး။” လို့ ဆိုပါတယ်။
ခုလိုစစ်ကြောင်းထိုးနေတဲ့အတွက် စည်ဆွဲရွာ၊ စမ်းကလေးမြောက်ရွာ၊ စမ်းကလေးတောင်ရွာ၊ ဒီးဒုတ်ပင်ရွာ၊ သမန်းကျင်းရွာ၊ ရေလဲရွာ၊ ထူးကြီးရွာ၊ ကျွဲခြံရွာ စတဲ့ကျေးရွာတွေအပါအဝင် ၁၇ ရွာလောက်က ဒေသခံတွေလည်း နေရပ်ကတိမ်းရှောင်ကာ နီးစပ်ရာကျေးရွာတွေမှာ လူစုခွဲပြီး နေထိုင်ကြရတယ်လို့ သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လကလည်း စလင်းမြို့နယ်၊ ငလှိုင်တွင်းရွာနဲ့ ကူရင်းချောက်ရွာတွေကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၄ ဦးသေဆုံးပြီး ၉ ဦးထိမှန်ဒဏ်ရာရရှိခဲ့ပါသေးတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#မကွေး #စလင်း #စမ်းကလေးမြောက်ရွာ #မီးရှို့
Share Share Share