စလင်းနယ်က စစ်ရှောင်စခန်းတခုမှာ ရိက္ခာကုန်လို့ အကူညီလိုအပ်နေ

စလင်းနယ်က စစ်ရှောင်စခန်းတခုမှာ ရိက္ခာကုန်လို့ အကူညီလိုအပ်နေ

မကွေးတိုင်း စလင်းမြို့နယ် ကင်ပွန်းခြုံစစ်ရှောင်စခန်းက စစ်ရှောင်ပြည်သူတွေအတွက် ရိက္ခာကုန်သွားတာကြောင့် စားနပ်ရိက္ခာ အကူညီလိုအပ်နေတယ်လို့ မကွေးနည်းပညာ တက္ကသိုလ်ကျောင်းသားများသမဂ္ဂဆီက သိရပါတယ်။ 

အဲ့ဒီစခန်းမှာ ကင်မွန်းခြုံ၊ ဘာလ၊ ငလိုင်တွင်း၊ ချောင်းဆုံ စတဲ့ကျေးရွာက အိမ်ထောင်စု ၁၁၃ စု၊ စုစုပေါင်းလူဦးရေ ၃၅၀ ကျော်နေထိုင်နေကြတာဖြစ်ပြီး နိုဝင်ဘာလ စတုတ္ထအပတ်မှာ ရိက္ခာကုန်သွားတာလို့ ဆိုပါတယ်။ 

"အလှူငွေလည်းမရတော့တာ တလကျော်သွားပြီ။ အရင်လှူနေကျတွေကို ချိတ်ဆက်တော့ ထားပါတယ်။ လောလောဆယ်တော့ အကြွေးယူကျွေးရနေရတယ်"လို့ သမဂ္ဂအဖွဲ့ဝင် အမိုးက ပြောပါတယ်။

ပြီးခဲ့တဲ့ စစ်ရှောင်ကာလ ၈ လကျော်အတွင်းမှာတော့ ဆန်၊ ဆီ၊ အသားဟင်း၊ ဟင်းသီးဟင်းရွက်တွေ ထောက်ပံ့တာများတဲ့အတွက် စားသောက်ဖို့အခက်အခဲမရှိဘဲ ပုံမှန်ကျွေးမွေးနိုင်ခဲ့တယ်လို့ သူမက ဆက်ပြောပါတယ်။

စစ်ရှောင်မိသားစုတွေကို ကျွေးမွေးရာမှာ တရက်ကုန်ကျစားရိတ်အနေနဲ့ ဆန် ၁ တင်းကို ၅၅၀၀၀ ကျပ်နဲ့ ၄ တင်းခွဲအတွက် ၂၂၀၀၀၀ ကျပ်၊ အသီးအရွက်အစုံ ၇၀၀၀၀ ကျပ်၊ ကုန်ခြောက်ပစ္စည်းဖိုးအပါ ၃ သိန်းကျော်လောက် အနည်ဆုံး ကုန်ကျစားရိတ် ရှိတယ်လို့ ဆိုပါတယ်။

အသီးအရွက်တွေကို မြို့ပေါ်ကဝယ်ရင် ဈေးများတဲ့အတွက် စစ်ရှောင်စခန်းအနီးက ကျေး ရွာစိုက်ခင်းတွေမှာ တိုက်ရိုက်ဝယ်ယူပြီး တပတ်ကို ဟင်းသီးဟင်းရွက်ဝယ်စျေး တခုတည်းတင် ကျပ် ၄/၅ သိန်းခန့် ကုန်ကျတယ်လို့ အမိုးက ပြောပါတယ်။

ပြည်တွင်းပြည်ပက ပြည်သူတွေရဲ့ လှူဒါန်းမှုတွေကို အဓိက အားထားနေရကာ ရရှိလာတဲ့ ငွေနဲ့ ပစ္စည်းတွေကို မကွေးနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂနဲ့ Mission 21-Magway တပ်ဖွဲ့က စီမံခန့်ခွဲပြီး အဆိုပါစစ်ရှောင်တွေကို ကူညီစောင့်ရှောက်နေတာလို့လည်း ဆိုပါတယ်။ 

လှူဒါန်းလိုသူတွေအနေနဲ့ မကွေးနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ရဲ့ Facebook Page ကနေ ဆက်သွယ်လှူဒါန်းနိုင်တယ်လို့လည်း သိရပါတယ်။ 

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၉ ရက်အထိ မြန်မာနိုင်ငံတဝန်း ပြည်တွင်း နေရပ်စွန့်ခွာထွက်ပြေးသူ ၂ သန်းကျော်ရှိပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး - UNOCHA က ထုတ်ပြန်ထားပါတယ်။ 

ပုံစာ - ကင်းပွန်းခြုံစစ်ရှောင်စခန်းမှ စစ်ရှောင်များ။ (ပုံဟောင်း)

စာတည်း - လင်း 

#မြေလတ်အသံ 

#မကွေး #စလင်း #စစ်ရှောင် #ရိက္ခာလိုအပ် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10