စလင်းပကဖ က ရဲဘော်တွေနဲ့ပြည်သူတချို့ကို သူနာပြုနဲ့ ဆေးဝါးကျွမ်းကျင်သင်တန်းပေး

စလင်းပကဖ က ရဲဘော်တွေနဲ့ပြည်သူတချို့ကို သူနာပြုနဲ့ ဆေးဝါးကျွမ်းကျင်သင်တန်းပေး

မကွေးတိုင်း၊ မင်းဘူးခရိုင် ၊စလင်းမြို့နယ်အတွင်းမှာ ဒေသခံတွေကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ဖို့ ရှေးဦးသူနာပြုစုရေးနဲ့ ဆေးဘက်ဆိုင်ရာသင်တန်း အမှတ်စဥ် ၂ ကို အောက်တိုဘာလ ၁၂ ရက်က စတင်ပြုလုပ်နေတယ်လို့ စလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲဆီက သိရပါတယ်။

စလင်းမြို့နယ် ပြည်သူ့စိုးမိုးနယ်မြေအတွင်းက စစ်ရှောင်တွေနဲ့ ကျေးရွာနေပြည်သူတွေရဲ့ ကျန်းမာရေးအတွက် ကျွမ်းကျင်စွာနဲ့ကျန်းမာရေးစောင့်ရှောက်ပေးနိုင်ဖို့ ရဲဘော်၊ ရဲမေတွေနဲ့ ပြည်သူတချို့ကို ယခုလိုသင်တန်းပေးနေတာလို့ ဆိုပါတယ်။ 

"ဆေးကုသဖို့ စိတ်ဝင်စားတဲ့ ရဲဘော်တွေကို ကျွမ်းကျင်အောင် သင်ပေးတာပါ။ စာတွေ့၊ လက်တွေ့ သင်ပေးတယ်။ သင်ထောက်ကူပစ္စည်းနဲ့ဆေးဝါးတွေ လိုအပ်ချက်ရှိနေပါတယ်" လို့ စလင်းပကဖ တာဝန်ခံ ဖိုးက မြေလတ်အသံကိုပြောပါတယ်။

ယခုသင်တန်းအတွက် ကျန်းမာရေးမှူးသင်တန်းဆရာ ၂ ဦးက သင်တန်းသားရဲဘော် ၁၂ ဦးကို သင်ကြားပေးနေကာ ကျွမ်းကျင်စွာတတ်မြောက်တဲ့အထိ သင်ကြားပေးသွားမှာလို့ ဆိုပါတယ်။


အခုနှစ်မေလကစတင်ကာ PDF စိုးမိုးနယ်မြေတွေအတွင်း ကျန်းမာရေးစောင့်ရှောက်ပေးမှုတွေ လုပ်ဆောင်ပေးနေတာဖြစ်ပြီး ကုသမှုတွေပိုမိုလုပ်ဆောင်နိုင်ရေးရည်ရွယ်ပြီး ယခုလို သင်တန်းတွေ ပြုလုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။

သူနာပြုနဲ့ဆေးဝါးကျွမ်းကျင်သင်တန်းအပတ်စဥ် ၁ ကို ဇွန်လ ၃ ရက်ကနေ ဇူလိုင်လ ၁၄ ရက်အထိ ပြုလုပ်ခဲ့ပြီး သင်တန်းသား ၂၃ ဦး သင်တန်းပြီးဆုံးခဲ့တယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့အောက်တိုဘာလ ၁၇ ရက်ကလည်း သွားလာရမလွယ်ကူတဲ့ စစ်ရှောင်နဲ့ ကျေးရွာနေ ပြည်သူတွေကို စလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်၊ ရဲမေတွေက အခမဲ့ ဆေးဝါးကုသပေးခဲ့တယ်လို့ သိရပါတယ်။ 

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#မကွေး #စလင်း #PDF #စစ်ရှောင် #ကျန်းမာရေးစောင့်ရှောက်မှု #သင်တန်းပေး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10