စလင်းမြို့က စစ်ဘေးရှောင်တွေ ဆေးဝါး၊ရိက္ခာနဲ့ အမိုးအကာတွေလိုအပ်

စလင်းမြို့က စစ်ဘေးရှောင်တွေ ဆေးဝါး၊ရိက္ခာနဲ့ အမိုးအကာတွေလိုအပ်

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ကင်ပွန်းခြုံကျေးရွာက စစ်ဘေးရှောင်ပြည်သူတွေအတွက် ဆေးဝါး၊ ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါးပစ္စည်းတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ စလင်း PDF ပူးပေါင်းမဟာမိတ်တပ်တို့ ဧပြီလ ၂၈ ရက်က ကင်ပွန်းခြုံရွာအနီး တိုက်ပွဲဖြစ်ပြီးနောက် ကင်ပွန်းခြုံရွာနေ ပြည်သူတွေရဲ့ နေအိမ်ပစ္စည်းတွေကို စစ်ကောင်စီဘက်က ဖျက်ဆီးမွှေနှောက်မီးရှို့ကာ အဲ့ဒီရွာမှာ တပ်စွဲထားလို့ စစ်ဘေးရှောင်နေရတာလို့ မင်းဘူးခရိုင် အမှတ် - ၁ တပ်ရင်း စလင်း PDF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။


"ကိုယ်ဝန်ဆောင်နဲ့ လေဖြတ်ဝေဒနာဖြစ်နေတဲ့ အဘိုးအဘွားတွေကို ဘေးလွတ်ရာပို့ထားပါတယ်။ နေစရာမလောက်လို့ ယာယီတဲဆောင်တွေ ထိုးနေရတယ်။ ဆေးဝါးလည်း လိုပါတယ်။ အစားအသောက်အတွက်လည်း တတ်နိုင်သလောက် စောင့်ရှောက်ထားပါတယ်” လို့ ပြောပါတယ်။

အိမ်ထောင်စု ၁၂၀ ကျော် မီးရှို့ဖျက်ဆီးခံရလို့ လူဦးရေ ၅၀၀ နီးပါး စစ်ဘေးရှောင်နေရကာ ၁၄၀ ဦးလောက်ကတော့ နီးစပ်ရာ ဆွေမျိုးတွေဆီ သွားရောက်နေထိုင်ပြီး၊ လက်ရှိမှာ စစ်ဘေးရှောင်ပြည်သူ ၃၆၀ ကျော် စောင့်ရှောက်ထားနေရတယ်လို့ သိရပါတယ်။

“လူ ၃၀၀ ကျော် နေ့တိုင်းစားဖို့အတွက် ဆန် ၅ တင်းကျော်ကုန်တယ်။ ဆန်၊ ဆီ၊ ပဲ၊ ငါးခြောက်၊ ကြက်သွန် စတဲ့ ကုန်ခြောက်တွေလည်း ဖြည့်ပေးနေရပါတယ်” လို့ အထက်ပါတာဝန်ခံက ဆိုပါတယ်။

စစ်ဘေးရှောင်ရတာ ရက်ကြာလာတာနဲ့အမျှ စားသောက်ဖို့အတွက် ရေရှည်မှာ အခက်အခဲကြုံလာနိုင်သလို ခုလိုအကူညီတောင်းခံရတာလို့လည်း ပြောပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်ဖို့ ယာယီတဲတွေကိုလည်း ကူညီဆောက်လုပ်နေဆဲဖြစ်ရာ နွေရာသီအပူဒဏ်ခံနိုင်ဖို့ သက်ကယ်နဲ့ ဝါးတွေလည်း လိုအပ်နေပါတယ်။

"ကလေးရော လူကြီးပါ နေဖို့ တဲတွေ လိုအပ်နေလို့ ဝိုင်းကူလုပ်နေရတာ။ သောက်သုံးရေလည်း သီးသန့် လုပ်ပေးထားပါတယ်။ လုံခြုံတဲ့နေရာမှာ ထားပေးထားတယ်။ စားဖို့အတွက်လည်း လတ်တလောမှာ တပ်ရင်းနဲ့ ဘေးက အလှူရှင်တွေနဲ့ ဖြေရှင်းပေးထားပါတယ်" လို့ မင်းဘူးခရိုင် အမှတ် - ၁ တပ်ရင်း စလင်း PDF လူကယ်ပြန်တာဝန်ခံက ပြောပါတယ်။

အခုလတ်တလောမှာ ကျန်းမာရေးအတွက် စောင့်ရှောက်နေပေမယ့် ကလေးတွေမှာ သွေးလွန်တုပ်ကွေးအဖြစ် များပြီး၊ သက်ကြီးပိုင်းတွေမှာလည်း ဖျားနာတာတွေ ဖြစ်နေလို့ ကျန်းမာရေးအတွက် ဆေးဝါးကုသဖို့ လိုအပ်တာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

 စာတည်း - လင်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10