စလင်းမှာ အုပ်ချုပ်ရေးမှူးနဲ့ပျူစောထီးတွေ ဆက်တိုက်အသတ်ခံရပြီးနောက် တရက်တည်း အုပ်ချုပ်ရေးမှူး ၄ ဦး နုတ်ထွက်

စလင်းမှာ အုပ်ချုပ်ရေးမှူးနဲ့ပျူစောထီးတွေ ဆက်တိုက်အသတ်ခံရပြီးနောက် တရက်တည်း အုပ်ချုပ်ရေးမှူး ၄ ဦး နုတ်ထွက်

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ ဧပြီ ၁၉ ရက် ဒီနေ့တနေ့တည်း ‌ကျေးရွာအုပ်ချုပ်ရေးမှူး ၄ ဦးနုတ်ထွက်လာတယ်လို့ အုပ်ချုပ်ရေးဌာနနဲ့ နီးစပ်သူတဦးဆီက သိရပါတယ်။ 

စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်‌ကျော်ဇင်၊ အမှတ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးနေလင်း၊ အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်နဲ့ ဆုံကုန်းအုပ်စုအုပ် ချုပ်ရေးမှူး ဦးမျိုးမြင့်စိုးတို့ ရာထူးကနေနုတ်ထွက်ခဲ့တာလို့ ဆိုပါတယ်။

“သူတို့ ၄ဦးက နုတ်ထွက်စာတင်ကြတာ မှန်ပါတယ်။ အုပ်ချုပ်ရေးမှူးတွေမရှိတော့ စာရေးတွေကပဲ စလင်း (မြို့နယ်)ထွေအုပ်နဲ့တွဲပြီး (အလုပ်တွေ)လုပ်ကြတယ်” လို့ ထွေအုပ်နဲ့နီးစပ်သူတဦးက ပြောပါတယ်။

အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်ရတဲ့အကြောင်းအရင်းကိုတော့ ထုတ်ဖော်ပြောဆိုတာမရှိပါဘူး။ 

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပ‌ဒေထုတ်ပြန်ပြီးနောက် ဖေဖော်ဝါရီနဲ့ မတ်လအတွင်းမှာ စလင်းမြို့နယ် ကျွဲခြံရွာအုပ်စု၊ ပခက်တိုင်ရွာနဲ့ မန်ကျီးကုန်းရွာတွေက စစ်ကောင်စီလက်အောက်အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီး ၄ ဦး ရက်ခြားဆိုသလို အသတ်ခံခဲ့ရကာ  အုပ်ချုပ်ရေးမှူးတွေလည်း ဆက်တိုက်ဆိုသလို နုတ်ထွက်လာတာပါ။

ဒါ့အပြင် ဆင်ဖြူကျွန်းမြို့ခံ ကို RT ကလည်း “ဆင်ဖြူကျွန်းမြို့မှာက အုပ်ကြီး ၃ ဦး နုတ်ထွက်တယ်လို့ ကြားပါတယ်။ သူတို့ကို စစ်ကောင်စီဘက်ကလည်း နုတ်ထွက်ခွင့်မပြုဘူးလို့ ပြန်ကြားရတာတွေလည်း ရှိတယ်” လို့ ပြောပါတယ်။

လက်ရှိမှာ စလင်းမြို့နယ်အတွင်းက နုတ်ထွက်နေတဲ့ အုပ်ချုပ်ရေးမှူးအရေအတွက် မြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောဆိုထားပြီး အချို့အုပ်ချုပ်ရေးမှူးတွေက တရားဝင်ထွက်စာမတင်ထားပေမယ့် အုပ်ချုပ်ရေးနဲ့ ပတ်သက်တဲ့လုပ်ငန်းတွေကို ရပ်နားထားတယ်ဆိုကာ ပြည်သူတွေကို အသိပေးထားတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #မင်းဘူး #စလင်း #အုပ်ချုပ်ရေးမှူးနုတ်ထွက် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10