သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအနောက်ခြမ်း၊ သဲကုန်းမြို့နယ်၊ ကြို့ပင်သာအုပ်စု၊ ရွာသာလှရွာ မူလတန်းကျောင်းနဲ့ ဘုန်းကြီးကျောင်းအနီးမှာ အပတ်စဉ်လုပ်နေတဲ့လောင်းကစားဝိုင်းတွေကို ဖမ်းဆီးဖယ်ရှားပေးစေလိုတယ်လို့ ဒေသခံတွေကပြောပါတယ်။
စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းရဲ့ အလယ်တနေရာမှာ လေးကောင်ဂျင်ဝိုင်းနဲ့ ကြက်ဝိုင်းကို အခု ဒီဇင်ဘာလဆန်းပိုင်းကစလို့ အပတ်စဉ် စနေနေ့ကနေ အင်္ဂါနေ့အထိပြုလုပ်နေတာလို့ ဆိုပါတယ်။
“အပတ်စဉ် ၁ ပတ်ကို ၄ ရက်လုပ်နေတာ ၁ လလောက်ရှိပြီ။ မှတ်တိုင်ရွာဘက်က ပျူစောထီးချစ်ကို ဦးဆောင်လုပ်တာ။ ခရိုင်ရဲ၊ ခရိုင်ထွေအုပ်တွေ ဒကစတွေနဲ့ သဲကုန်းက စကစတွေ ရဲတွေကို ငွေပေးလုပ်နေတာ။” လို့ ကျောင်းသားမိဘတဦးက ပြောပါတယ်။
ဒါ့အပြင် စာသင်ကျောင်းအနီးမှာဖြစ်လို့ ကျောင်းသားတွေလည်းသွားရောက် ကြည့်ရှုတာတွေရှိတဲ့အတွက် ကလေးတွေ အတုယူမှားမှာစိုးရိမ်တယ်လို့လည်း ဆိုပါတယ်။
“ကျောင်းဖွင့်ရက်တွေဆို ကျောင်းသားလေးတွေ ကျောင်းဆင်းချိန်ဝင်ကြည့်နေတာ တွေ့ရတယ်။ ကလေးတွေပါ မကောင်းတဲ့အကျင့်တွေ အတုယူမှာစိုးတယ်။ ဒီဝိုင်းကို အမြန်ဆုံး ဖမ်းဆီးအရေးယူဖို့ လိုပါပြီ။”လို့ သူကဆက်ပြောပါတယ်။
အဲ့ဒီလောင်းကစားဝိုင်းကို ပေါင်းတည်နဲ့ သဲကုန်းမြို့နယ်က လောင်းကစားဝါသနာပါသူတွေ လာကစားကြတယ်လို့ ဆိုပါတယ်။
အဲ့ဒီလောင်းကစားဝိုင်းမှာ ကျပ်သိန်းရာချီကာဆုံးရူံးသူတွေလည်းရှိနေပြီး လက်ရှိမှာ ကြီးမားတဲ့ ခိုးယူလုယက်မှုတွေမဖြစ်ပေါ်သေးပေမယ့် နောင်ဖြစ်ပေါ်လာမှာကိုစိုးရိမ်တယ်လို့ သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်ကလည်း သဲကုန်းမြို့နယ်၊ ကြို့ပင်သာအုပ်စု၊ ဝက်ပုတ်ရွာက အသက် ၃၅ နှစ်ဝန်းကျင် LGBT ကိုကျော်မင်းသူ ကို သတ်ကာ ဆိုင်ကယ်နဲ့ရွှေထည်ပစ္စည်းတွေကို လုယက်မှု ဖြစ်ပွားခဲ့ပါသေးတယ်။
သဲကုန်းမြို့နယ်အပြင် ပေါင်းတည်၊ နတ်တလင်း၊ ဇီးကုန်း၊ ကြို့ပင်ကောက်၊ မင်းလှ၊ အုတ်ဖို၊ မိုးညို စတဲ့ မြို့နယ်တွေမှာလည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်းကစလို့ စစ်တပ်၊ ရဲနဲ့ ရပ်ကျေးအုပ်ချုပ်ရေး တာဝန်ရှိသူတွေကိုငွေပေးပြီး လောင်းကစားဝိုင်းတွေကို ပေါ်ပေါ်ထင်ထင်လုပ်ဆောင်လာကာ တချို့လောင်းကစားဝိုင်းတွေမှာလည်း စစ်သားနဲ့ရဲတွေက လုံခြုံရေးယူပေးတာတွေရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။
အဆိုပါလောင်းကစားဝိုင်းတွေကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်တာတွေရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ် မတ် ၁၇ ရက်က စစ်ကောင်စီကိုဆက်ကြေးပေးထားတဲ့ မိုးညိုမြို့နယ်၊ ရေကင်းနယ်မြေရဲစခန်း အနောက်ဘက်ရှိ လောင်းကစားဝိုင်းတခုကို မိုးညိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လက်ပစ်ဗုံး ၂ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#သဲကုန်း #စာသင်ကျောင်း #လောင်းကစားဝိုင်း #မှုခင်း
Share Share Share