စာသင်ကျောင်း ဝင်စီးခံရလို့ အထိုင်ချနေတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ဦး ကျဆုံး
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ဖလံဂုဏ်ရွာက ကျေးရွာကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ဦး ကျဆုံးသွားတဲ့အပြင် အခြေချနေထိုင်နေတဲ့ ကျောင်းစာသင်ခန်း တခုလည်း စီးနင်းခံလိုက်ရတယ်လို့ ကျေးရွာကာကွယ်ရေး တပ်ဖွဲ့ဝင်ဆီက သိရပါတယ်။
မတ်လ ၄ ရက်နေ့ မနက် ၃ နာရီခွဲလောက်မှာ စစ်ကောင်စီစစ်ကြောင်းဟာ အင်အား ၆၀ နီးပါးနဲ့ ဖလံဂုဏ်ရွာထဲက နေအိမ်တအိမ်မှာ ဝင်ရောက်ခိုလှုံခဲ့ပြီး မနက် ၅ နာရီကျော်လောက်မှာတော့ ရွာရဲ့ စာသင်ကျောင်းကို ဝင်ရောက်စီးနင်းခဲ့လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ဦး ကျဆုံးခဲ့တာပါ။ဒါအပြင် ထွက်ပြေးတိမ်းရှောင်ကြတဲ့ ရဲဘော် ၂ ဦးနဲ့ ရွာသားတဦးလည်း ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ရေဦးမြို့နယ်အတွင်းက ကျေးရွာလုံခြုံရေးတပ်ဖွဲ့ဝင် တဦး ဖြစ်တဲ့ ကိုရှောလူ က မြေလတ်အသံကို ပြောပါတယ်။“တခြားရဲဘော်တွေကတော့ နယ်မြေကျွမ်းကျင်မှုကြောင့် လွတ်သွားတယ်။ ရဲဘော် ၅ ယောက်ကတော့ စခန်းဝင်စီးတဲ့အချိန်မှာပဲ အပစ်ခံလိုက်ရတာပါ။ ရွာသားတဦးကတော့ ဆီးခုံနဲ့ ခြေထောက်ထိသွားတယ် စိုးရိမ်ရတယ်။ စခန်းကနေ သေနတ် အတိုတလက်၊ အရှည်တလက် ပါသွားတယ်။ ရဲဘော်တွေရဲ့အိတ်ထဲကနေ အဝတ်အစားအသစ်တွေ ယူသွားတယ်” လို့ ဆိုပါတယ်။ကျဆုံးသွားတဲ့ ရဲဘော်တွေဟာ အသက် (၁၇) နှစ်အရွယ် ၃ ဦး၊ အသက် (၂၀)ကျော် ၁ ဦး နဲ့ အသက် (၃၀) ကျော် ရဲဘော်တို့ပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ နာမည်တွေကိုတော့ မိသားစုဝင်ရဲ့လုံခြုံရေးအရ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။စစ်ကောင်စီစစ်ကြောင်းဟာ ကျေးရွာကနေ မထွက်ခွာခင် ဒေသခံတဦးရဲ့နေအိမ်ကို မီးရှို့သွားတဲ့အပြင် ကျဆုံးသွားတဲ့ ရဲဘော် ၅ ဦးကို မီးရှို့သွားပြီး ရွာသားတွေကိုလည်း ကျေးရွာဘုန်းကြီးကျောင်းထဲမှာ ဝင်ရောက်နေထိုင်ခိုင်းတယ်လို့ တာဝန်ခံက ဆက်ပြောပါတယ်။“ရွာသားတွေအားလုံးကို ဘုန်းကြီးကျောင်းထဲမှာ ဝင်ခိုင်းတယ်။ ပြီးတော့ သူတို့(စစ်ကောင်စီ)တွေ ရွာထဲကနေ နဲနဲစီ ထွက်သွားကြတယ်။ ဘယ်ကိုထွက်သွားလဲဆိုတာတော့ မသိဘူး။ ရွာသားတချို့ကတော့ ရွာထဲမှာ ပြန်နေပြီး၊ တချို့ကတော့ ရွာထဲမှာ ပြန်မနေကြသေးဘူး” လို့ ဆိုပါတယ်။အခုလို ဝင်ရောက်ပစ်ခတ်ခံရတာဟာ ပထမအကြိမ်ဖြစ်ကြောင်း ကျဆုံးသွားတဲ့ရဲဘော် ၅ ဦးရဲ့ ရုပ်အလောင်းတွေကို မြေမြှုပ်သဂြိုလ်ပေးမယ်လို့လည်း သိရပါတယ်။စာတည်း - 007#မြေလတ်အသံ
Share
Share
Share