"စာသင်ရင်မီးရှို့မှာပဲဆိုပြီး ကြောက်ကြတယ်" (ဆောင်းပါး)

"စာသင်ရင်မီးရှို့မှာပဲဆိုပြီး ကြောက်ကြတယ်" (ဆောင်းပါး)

“စစ်ကြောင်းလာရင် ပြေးလွှားရှောင်ရတိမ်းရတော့ ရွာမှာရှိတဲ့ အိမ်တွေကလည်း သူတို့ဆီမှာ မဖွင့်စေချင်ဘူးပေါ့ဗျာ။ မသင်စေချင်လို့ မဟုတ်ဘူး။ ချောင်းဦးကြီးမှာလည်း မီးတွေရှို့တော့ သူတို့ဆီမှာလည်း စာသင်ရင်မီးရှို့မှာပဲဆိုပြီးကြောက်ကြတယ်။” လို့ ကလေးငယ်တွေကို စာသင်ကြားပေးဖို့ ကြိုးစားရာမှာ တွေ့ကြုံခဲ့ရပုံကို CDM ကျောင်းအုပ်ဆရာကြီးက ပြောပါတယ်။ 

ရွာမီးရှို့ခံရပြီးနောက် မကြာခင်မှာပဲ စစ်ရှောင်ရင်း တောသာကျေးရွာမှာ ကလေးတွေကို စတင်စာသင်ကြားပေးခဲ့တာပါ။ စစ်မီးကြားမှာ ပြေးလွှားရင်း အသက်ကိုရင်း စာသင်ရတဲ့အကြောင်း ပြောနေပေမယ့်လည်း ကျောင်းအုပ်ဆရာကြီးအနေနဲ့ ထွေထွေထူးထူး ခံစားနေရပုံမပေါ်ပါဘူး။ သူ့ရှေ့က ခေါင်းတမော့မော့နဲ့ ကြည့်နေကြတဲ့ ကျောင်းသူ၊ ကျောင်းသား ကလေးငယ်တွေကိုသာ ဂရုတစိုက်ကြည့်နေပါတယ်။ 

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက ချောင်းဦးကြီးကျေးရွာကို စစ်ကောင်စီတပ်က ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ကစတင်မီးရှို့ပြီး နောက်ထပ် ၂ ကြိမ် မီးထပ်ရှို့တာကြောင့် နေအိမ် ၄၀၀ ခန့်ရှိတဲ့ ရွာဟာ အားလုံး ပျက်စီးဆုံးရှုံးသွားပါတယ်။ ပျူစောထီးတွေ ကျက်စားရာနေရာနဲ့လည်း နီးတာကြောင့် ရွာသူရွာသားတွေဟာ ပြန်နေကြဖို့လည်း စိုးရိမ်နေကြရပါတယ်။

အဲဒီနောက်မှာတော့ မီးရှို့ခံကျေးရွာသူကျေးရွာသားတွေဟာ အနီးနားကျေးရွာတွေ၊ ဆွေမျိုးတွေရှိရာ တောင်ယာတွေနဲ့ တောတန်းတွေထဲကို ပြေးလွှားခဲ့ရပါတယ်။ တောသာကျေးရွာကို ရောက်ခဲ့တဲ့ CDM ကျောင်းအုပ်ဆရာကြီးကတော့ ကလေးတွေကိုစာသင်ဖို့ ပြန်လည်ကြိုးစားခဲ့တာပါ။

KG တန်းကနေ G-10 ထိရှိနေတဲ့ ကျောင်းသူကျောင်းသားတွေ အတွက် ကျောင်းဆောင်များစွာလိုအပ် ပေမယ့် အမှီသဟဲပြုရတဲ့ ရွာဟာသေးငယ်တဲ့အတွက် တောသာကျေးရွာထဲက လူမနေတော့တဲ့ အိမ်တွေကို စာသင်ကျောင်းအဖြစ် အသုံးပြုဖို့ ရွာခံမိဘပြည်သူတွေကို အကူညီတောင်းခဲ့ပါတယ်။ 

“အဲအချိန်ကျနော်တို့က ကျောင်းဆောင်မရှိတော့ တောသာကျေးရွာ မိဘပြည်သူတွေဆီသွားပြီး အိမ်တွေပေါ့ဗျာ။ လူမနေဘဲ အားတဲ့အိမ်တွေကို စာသင်ပါဦးမယ် ကူညီပါဦးဆိုပြီး ကျနော်တို့က ပထမအသုတ်ဖွင့်လိုက်တယ်၊” လို့ ကျောင်းစတင်ဖွင့်လှစ်ခဲ့ရပုံကို CDM ကျောင်းအုပ်ဆရာကြီး က ပြောပါတယ်။ 

စစ်ကြောင်းရန်ကို ကြောက်ရသလို မီးရှို့ခံရမှာ စိုးတဲ့ ရွာခံတွေရဲ့ စိုးရိမ်ပူပန်မှုကိုလည်း ဖြေဖျောက်ဖို့ တောသာကျေးရွာထဲက နေအိမ်တွေမှာစာမသင်ဘဲ အနီးနား တောတန်းခရိုးတွေထဲက ထန်းလျက်ဖိုတဲတွေဆီကို စာသင်ကျောင်းကိုရွှေ့ခဲ့ပါတယ်။ 

အခုတော့ စာသင်ပေးချင်တဲ့ ကျောင်းဆရာ၊ ဆရာမတွေနဲ့ စာသင်ချင်တဲ့ ကျောင်းသူ၊ ကျောင်းသားတွေ အတွက် ထန်းလျက်ချက်တဲ့ ထန်းတဲတွေကို စာသင်ကျောင်းတွေအဖြစ် ပုံဖော်ထားနိုင်ခဲ့ပါပြီ။

ထန်းတဲစာသင်ဆောင်ထဲကို လိုက်ဝင်ကြည့်မယ်ဆိုရင်တော့ အတန်းလိုက် အကန့်လေးတွေ ခွဲပြီး စာသင်နေကြတာကို တွေ့ရမှာပါ။ တချို့ကလေးတွေကတော့ ထိုင်ခုံမရှိတဲ့အတွက် စီးလာတဲ့ ဖိနပ်လေးတွေ ဖင်ခုထိုင်နေကြသလို တချို့ကလေးတွေက သူတို့ယူလာတဲ့ ပီနံအိတ်ခွံတွေကို ခင်းထိုင်နေကြပါတယ်။ 

ကျောင်းဆရာဆိုသူကလည်း သစ်သားသင်ပုန်းတချပ်ကိုမြေမှာထောင်ပြီး မြေဖြူနဲ့ တထောက်ထောက် ခေါက်နေပါတယ်။ မြေပြင်နဲ့ထိလုနီးပါးအထိ မိုးထားတဲ့ ထန်းလက်ထန်းခက်တွေကြောင့်ပဲ ပြင်ပအလင်းရောင်ဟာ အထဲကိုမဝင်သာပါဘူး။ ပြင်ပကနေ စာသင်ဆောင်လေးထဲကို ရုတ်တရက်ဝင်လိုက်မယ်ဆို မှောင်သွားပြီး စာကြည့်ဖို့မရနိုင်ဘူး။ ခဏလောက် မျက်စိကို အသားကျအောင်နေပြီးမှ တဖြေးဖြေးမြင်ကွင်းတွေကို မြင်လာရတယ်။

ဒါပေမယ့်လည်း ထန်းတဲအောက်က စာအံသံဟာ တဲရဲ့ပတ်ဝန်းကျင် ခရိုးမှာ ပျံ့လွင့်လို့နေတာပါ။ နေပူပူမှာ စိမ်းစိုအုပ်ဆိုင်းနေတဲ့ တမာပင်တွေအောက် စာသင်ဆောင်လေးဟာ မှုန်ကုပ်ကုပ်နဲ့။ မန်ကျည်းပင်၊ ထနောင်းပင်နဲ့ ကန္တာရဆူးပင်တွေ ဇီးပင်ကျိုးတိုးကျဲတဲတွေ သရက်ပင်အချို့ကလည်း ပတ်လည်မှာ ဝန်းရံထားပေးပါတယ်။ 

ဒေသခံမဟုတ်တဲ့ တစိမ်းဧည့်သည်တယောက် အနားကဖြတ်သွားတဲ့အခါ စာသင်ကျောင်းလို့ ထင်မှာမဟုတ်ပါဘူး။ ထန်းလျက်ချက်တဲ့ဖို ထန်းတက်သမားတွေနဲ့ ယာသမားတွေရဲ့ ယာယီတဲဆောင်တွေလို့ပဲ ထင်မှတ်မှာပါ။ တကယ်လည်း စာသင်ကျောင်းနဲ့ တူတဲ့အဆောင်ယောင် ရှိမနေပါဘူး။ စာသင်တဲ့ဆရာ/ဆရာမနဲ့ ကျောင်းသူကျောင်းသားတွေပဲ ရှိနေတာပါ။ ဟုတ်ပါတယ်။ ဒါဟာ ထန်းလျက်ဖိုထဲက ဘုရားစူး စာသင်ကျောင်းတကျောင်းပါ။

“သင်ထောက်ကူပစ္စည်းတွေ မပြည့်စုံကြပါဘူး။ ထန်းလျက်တဲထဲက ကလေးတွေဆိုရင်ဆာလာအိတ်ခွံတွေ ယူလာပြီးထိုင်ကြတယ်။ တချို့ကျတော့ ဖိနပ်လေးတွေကိုခုထိုင်ပြီး စာသင်နေတာမြင်ရတော့ စိတ်ထဲမကောင်းဘူးပေါ့။ စာမသင်ရရင် ကလေးတွေမှာ ဆိတ်ကျောင်းနွားကျောင်းနဲ့ တောအလုပ်တွေပဲ လုပ်နေကြရမှာပါ။” လို့ ပုလဲမြို့နယ် အမျိုးသမီးလူငယ်နဲ့ကလေးသူငယ်ရေးရာ မြို့နယ်တာဝန်ခံ မအိသူသူမောင် ကပြောပါတယ်။ 

ထန်းလျက်ဖိုကနေ စခဲ့ရတဲ့ စာသင်ကျောင်းလေးမှာ CDM ၁၀ ဦး၊ Volunteer ၁၅ ဦးနဲ့ စုစုပေါင်း ဆရာ/မ ၂၅ ဦးတို့က အနီးနားကျေးရွာ ၅ ရွာခန့်က ကျောင်သား/သူ စုစုပေါင်း ၃၇၃ ဦးကို စာသင်ကြားပေးနေပါပြီ။ ဒါ့အပြင် NUG လက်အောက်ခံ ကြားကာလပညာသင်ကျောင်းအဖြစ်လည်း မြို့နယ်ပညာရေးဘုတ်အဖွဲ့အပါအဝင် တခြားသော အလှူရှင်နဲ့ အဖွဲ့အစည်းတချို့ရဲ့ အကူညီကိုလည်း ရသင့်သလောက်ရနေတယ်လို့ မအိသူသူမောင်က ဆက်ပြောပါတယ်။

မြန်မာနိုင်ငံအာဏာကို သိမ်းယူထားတဲ့ စစ်တပ်ဟာ သူ့ကိုတော်လှန်ပုန်ကန်နေတယ်လို့ ထင်မြင်သူ ကလေးသူငယ်ကစ သက်ကြီးရွယ်အိုတွေအဆုံး ဘယ်သူကိုမှ သက်ညှာမပေးခဲ့ပါဘူး။ ထောက်ထားငဲ့ကွက်မှု မထားတဲ့အထဲမှာ လူနေအိမ်၊ သာသနိကအဆောက်အအုံနဲ့ စာသင်ကျောင်းတွေကိုလည်း ပစ်မှတ်ထား တိုက်ခိုက်ဖျက်ဆီးခဲ့ပါတယ်။ 

အထူးသဖြင့်တော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်က ကြားကာလပညာရေးကျောင်းတွေကို အဓိကပစ်မှတ်ထား တိုက်ခိုက်ဖျက်ဆီးလေ့ရှိပါတယ်။ လေကြောင်းကနေတောင် ဗုံးကြဲတိုက်ခိုက်တဲ့အဆင့်ထိ ကြမ်းတမ်းရက်စက်ခဲ့တာကို ၃ နှစ်အတွင်း မှတ်တမ်းအချက်အလက်တွေကို ကြည့်ရင် သိနိုင်မှာပါ။  

ဒါကြောင့်လည်း တော်လှန်ရေးအားကောင်းရာဒေသ ကျေးရွာအချို့မှာတောင် ကြားကာလ ပညာရေးသင်ကြားဖို့ အတော်ကြိုးစားစည်းရုံးနေရဆဲဖြစ်သလို စာသင်နေဆဲမှာပဲ စစ်ကြောင်းလာတဲ့အခါ ကျောင်းကိုပိတ်ပြီး တောတွေထဲမှာ တလကိုးသီတင်း ရှောင်ကြရပြန်ပါတယ်။ 

ဒါပေမယ့်လည်း အခက်ခဲကြားကနေ ပေးလာတဲ့အခြေအနေပေါ်မူတည်ပြီး စာသင်ပေးမယ့် ဆရာ၊ ဆရာမနဲ့ စာသင်ပေးရာနေရာလေးတွေ ရှိနေတဲ့အခါ ကလေးတွေဟာ စာသင်ဖို့အခွင့်အလမ်းတွေ ရှိလာပါတယ်။

“ဒီကျောင်းလေးသာ မဖွင့်ဖြစ်ရင်တော့ ကလေးတွေ ပညာရေးအတွက်က မတွေးဝံ့စရာပေါ့။ ကျောင်းမတက်ရတော့ တချို့ဆိုရင် အသက်တွေကြီးနေပြီး KG မတက်ဖူးတဲ့ ကလေးတွေ ရှိပါတယ်။ အသက်အနေအထား ကြည့်ပြီးတော့ အတန်းကျော်ပြီး သင်ပေးရတာမျိုးပါ။” လို့ စာသင်ကျောင်းလေးရဲ့ စေတနာ့ဝန်ထမ်း ကျောင်းဆရာ ဦးအောင်စိုးလွင်က ပြောပါတယ်။ 

မီးရှို့ခံလိုက်ရတဲ့ ရွာပျက်တွေဆီကနေ အသက်လုပြေးလွှားလာခဲ့ရသူတွေဟာ ရွာတွေရဲ့အဝေး တောတန်း၊ ယာတော၊ ဆူးနွယ်ခြုံပုတ် ခပ်အုပ်အုပ်တွေထဲ ဟိုဒီတလုံးစီပြန့်ကျဲနေတဲ့ မြေစိုက်ထန်းတဲတွေထဲမှာ တိုးလျှိုးဝင်ရောက်နေခဲ့ကြတာ နှစ်ပေါက်ခဲ့ပါပြီ။ 

အခုတော့ အဲဒီထန်းတဲတွေနား သနပ်ခါးဘဲကြား ကပိုကရို မတူညီကြတဲ့ အဝတ်အစားတွေနဲ့ ကလေးငယ်တွေ ဟိုတစုဒီတစု အပူပင်ကိုမေ့လျော့ ဆော့ကစားနေကြတယ်။ မကြာမတင်မှာပဲ အနီးနားက အနည်းငယ်ကြီးမားတဲ့ ထန်းတဲဆီက အချက်ပေးသံချောင်းခေါက်သံဟာ ဆော့နေတဲ့ကလေးငယ်တွေ အသံကို ဖောက်ထွင်းပြီး ထွက်ပေါ်လို့ လာပါတယ်။ မုန့်စားချိန်အနားပေးထားရာကနေ စာသင်ခန်း ထန်းတဲထဲကို ပြန်လာကြဖို့ နှိုးဆော်လိုက်တာပါ။

“ဒီစာသင်ကျောင်းလေးသာ မဖွင့်ဖြစ်ခဲ့ရင် ကလေးတွေအတွက် ပညာရေးက အမှောင်ချခံထားရသလို ဖြစ်သွားမှာပေါ့” လို့ မအိသူသူမောင် က ဆိုပါတယ်။

အညာရဲ့ စစ်မီးအပူ၊ နွေအပူတွေ အောက်မှာပဲ စစ်ဘေးကိုလည်း ရှောင်ရင်း အကြောက်တရားကိုလည်း တွန်းလှန်ရင်း ထန်းလျှက်ဖိုတဲတွေထဲ စာသင်ကျောင်းလေးတွေ ပြန်စနေပါတယ်။

#မြေလတ်အသံ

#ဆောင်းပါး #စစ်ဘေးရှောင် #ပညာရေး #စာသင်ကျောင်း #ထန်းလျက်ဖို #အညာ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10