စားနပ်ရိက္ခာခက်ခဲနေတဲ့ စစ်ရှောင်တွေကို စစ်ကြောင်းအန္တရာယ်နဲ့ ခရီးလမ်းအခက်ခဲကြားက သွားရောက် ထောက်ပံ့

စားနပ်ရိက္ခာခက်ခဲနေတဲ့ စစ်ရှောင်တွေကို စစ်ကြောင်းအန္တရာယ်နဲ့ ခရီးလမ်းအခက်ခဲကြားက သွားရောက် ထောက်ပံ့

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်နဲ့ မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ် မှာရှိတဲ့ မီးဘေးသင့်လို့ စစ်ရှောင်နေရသူတွေကို သွာရောက် ကူညီထောက်ပံပေးခဲ့တယ်လို့ ရွှေဘိုမြို့နယ် လွတ်လပ်သော ထောက်ပံ့ရေးအဖွဲ့ထံက သိရပါတယ်။

ဝက်လက်မြို့နယ်နဲ့ စဥ့်ကူးမြို့နယ်မှာရှိတဲ့ စစ်ရှောင်ကျေးရွာ ၆ ရွာက ပြည်သူ ၅၀၀ ဦးအတွက် ဇူလိုင် ၁၁ ရက် နေ့လယ်ပိုင်းမှာ တနိုင်တပိုင်ထောက်ပံပေးခဲ့တာလို့ ရွှေဘိုမြို့နယ် လွတ်လပ်သော ထောက်ပံရေးအဖွဲ့ တာဝန်ခံ ကိုKJ က မြေလတ်အသံကိုပြောပါတယ်။

"စစ်ကြောင်းတွေဖြစ်နေတဲ့ကြားက ကုန်းလမ်းရေလမ်းနဲ့သွားခဲ့ရတယ်။ စစ်ရှောင်တွေက လှူမယ့်သူရှိမှစားရတဲ့ သဘောဖြစ်နေတယ်။ စောင်တွေနဲ့ တဲအမိုးတွေ မိုးနေရတယ်။ စားဝတ်နေရေး အတော်ကိုခက်ခဲနေကြတယ်။ အဘိုးအဘွားက ဆေးဝါးတွေလှူပေးဖို့ပြောတယ်" လို့ တာဝန်ခံ ကိုKJ က ပြောပါတယ်။

စစ်ရှောင်ပြည်သူတဦးချင်းအတွက် ဆန်တပြည်၊ ဆီငါးဆယ်သား၊ ကြက်သွန်တပိဿာ၊ အဝတ်အစားတထည် ထောက်ပံ့ခဲ့ပြီး၊ ပေ ၂၀ ပတ်လည်မိုးကာ(တခု ၂၈၀၀၀ကျပ်) အခု ၁၃၀ ကိုတော့ ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုရှိတဲ့ အိမ်ထောင်စုတွေအတွက် ဦးစားပေးထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။

အခုလိုကူညီထောက်ပံ့တာကိုတော့ ပြည်သူတွေထောက်ပံ့တာတွေနဲ့ပဲ ကူညီနိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီပြည်သူတွေက ဝက်လက်မြို့နယ် ပေါက်ကုန်းရွာ၊ ကမ်းဖြူရွာနဲ့ စဥ့်ကူးမြို့နယ် ကြက်တူရွေးရွာ၊ ဟင်္သာမရွာ၊ တမာကုန်းရွာ၊ မြစ်ကမ်းကြီးရွာတွေက စစ်ရှောင်ပြည်သူတွေဖြစ်ပြီး၊ မေလအစောပိုင်းမှာစစ်ကောင်စီတပ်ဖွဲ့တွေ ရွာလုံးကျွတ်မီးရှို့ခဲ့လို့ စစ်ရှောင်နေရတာလို့ တာဝန်ခံက ဆိုပါတယ်။

စစ်ရှောင်ပြည်သူတွေဟာ တောတွေထဲမှာ  လုပ်ကိုင်စရာအလုပ်မရှိကြဘဲ၊ တဲထိုးနေကြရပြီး၊ သူတို့ရဲ့လှေတွေလည်းမီးရှို့ခံရကာ အလှူရှင်ကိုပဲ အားကိုးနေရတယ်လို့ ကြက်တူရွေးရွာ စစ်ရှောင်ပြည်သူ ကိုထက်အောင် ကပြောပါတယ်။

"တဲထိုးဖို့ဝါးလည်း ဝယ်မရတော့ သစ်ကိုင်းတောင့်တာတွေနဲ့ တဲထိုးနေကြတယ်။ စားဖို့ကိုအနိုင်နိုင်ပါ။လာလှူတာနဲ့ ခြိုးခြံစားရတာပေါ့။ အိမ်တွေရော လှေတွေပါ မီးရှို့ခံလိုက်ရတယ်။ အခုချိန်က ရေတက်နေလို့ အလုပ်လုပ်ဖို့လည်း အဆင်မပြေကြပါဘူး" လို့ ကိုထက်အောင်က ပြောပါတယ်။

စစ်ရှောင်တွေအနေနဲ့ လက်ရှိမှာ ဧရာဝတီမြစ် ရေလယ်ကျွန်း တချို့မှာ နေထိုင်နေကြပြီး မိုးကာလ မြစ်ရေထိုးလာလို့ နေအိမ်တချို့လည်း ရေဝင်နစ်မြုပ်တာတွေ ရှိနေတယ်လို့ သိရပါတယ်။

ဇွန်လ ၉ ရက်ကလည်း၊ ရွှေဘိုမြို့နယ်လွတ်လပ်သောထောက်ပံရေးအဖွဲ့က အဲ့ဒီစစ်ရှောင်ကျေးရွာပြည်သူတွေကို စားနပ်ရိက္ခာတွေ အိမ်ထောင် စု ၂၀၀ အတွက် ကူညီထောက်ပံ့ပေးခဲ့‌သေးတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #မန္တလေးတိုင်း #ဝက်လက် #စဉ့်ကူး #စစ်ရှောင် #စားနပ်ရိက္ခာ #ထောက်ပံ့ #အကူညီလိုအပ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10