စားဝတ်နေရေးခက်ခဲတဲ့ မီးဘေးသင့်စစ်ရှောင်တွေကို ကျပ်သိန်းပေါင်း ၁,၆၀၀ ကျော်ထောက်ပံ့

စားဝတ်နေရေးခက်ခဲတဲ့ မီးဘေးသင့်စစ်ရှောင်တွေကို ကျပ်သိန်းပေါင်း ၁,၆၀၀ ကျော်ထောက်ပံ့

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးမြို့နယ်မှာ စစ်ရှောင်ပြည်သူတွေမှာ အနည်းဆုံး ၃ လမှ ၁ နှစ်ကျော်တဲ့အထိ စစ်ရှောင်နေရပြီး ကျေးရွာ ၅ ရွာမှ လူဦးရေ ၂၀၀၀ ကျော်ကို ငွေကြေးထောက်ပံ့ပေးခဲ့တယ်လို့ မြို့နယ်လူသား စာနာအဖွဲ့ဆီက သိရပါတယ်။ 

NGO အဖွဲ့အစည်းတခုမှ ကလေးမြို့နယ် လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ် စီမံခန့်ခွဲရေး အဖွဲ့ဖြင့် ချိတ်ဆက်ပြီး စားဝတ်နေရေး ခက်ခဲနေတဲ့ မိသားစုတွေကို ဦးစားပေးကာ ထောက်ပံ့ပေးခဲ့တာလို့ ဆိုပါတယ်။

မီးဘေးသင့်အိမ်ထောင်စု ၅၁၂ စုမှာ ၁ အိမ်ထောင်ကို ၃၃၀,၀၀၀ ကျပ်ဖြင့် စုစုပေါင်းကျပ်သိန်းပေါင်း ၁၆,၈၉၆၀,၀၀၀ (တထောင့်ခြောက်ရာရှစ်ဆယ်ကိုးသိန်းခြောက်သောင်း)ကျပ်ကို ထောက်ပံ့ပေးနိုင်ခဲ့တာပါ။

"ရွာလုံးကျွတ်မီးရှို့ခံထားရတဲ့ ရွာတွေလည်းရှိတယ်။ စစ်ကြောင်းဝင်တာ တိုက်ပွဲဖြစ်နေတာတွေနဲ့ နေရပ် မပြန်နိုင်သေးပါဘူး။ ကြုံရာအလုပ်တွေ လုပ်ကိုင်စားရတယ်။ အရမ်းကို ခက်ခဲတဲ့ စစ်ရှောင်တွေကို ထောက်ပံ့ပေးခဲ့တာပါ" လို့ ကလေးမြို့နယ် လူသားစာနာတာဝန်ခံ ကိုယက္ခ ကပြောပါတယ်။

ကလေးမြို့နယ်မှာ လူဦးရေ ၃၅၀,၀၀၀ ကျော်ရှိရာ ကျေးရွာအုပ်စု ၆၁ အုပ်စု၊ ကျေးရွာပေါင်း ၁၅၆ ရွာမှာ ကျေးရွာ ၄၁ ရွာကို စစ်တပ်ဘက်က မီးရှို့ဖျက်ဆီးထားပြီး အိမ်ခြေ ၆,၅၀၀ ခန့် မီးရှို့ခံခဲ့ရတယ်လို့ သိရပါတယ်။

လူသားစာနာအဖွဲ့အနေနဲ့လည်း ဒုက္ခအခက်အခဲမျိုးစုံကြုံတွေ့နေရတဲ့ ပြည်သူတွေကို တတ်နိုင်တဲ့ဘက်က ကူညီပေးဖို့ ပြည်တွင်းပြည်ပ အလှူရှင်များနဲ့လည်း ချိတ်ဆက်လုပ်ကိုင်နေတယ်လို့ တာဝန်ခံက ပြောပါတယ်။

စစ်ရှောင်ပြည်သူတွေမှာ တောင်သူအငှားလုပ်ငန်းများ၊ သစ်ဝါးခုတ် အလုပ်များ၊ စျေးရောင်းစျေးဝယ် အလုပ်တွေကို လုပ်ကိုင်နေကြရကာ စားဝတ်နေရေး ခက်ခဲနေကြတယ်လို့ ဆိုပါတယ်။

ကလေးမြို့နယ် တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာ စစ်ရှောင်စခန်းပေါင်း ၁၅ ခုကျော်ရှိပြီး မြို့ပေါ်မှာ မှီခိုနေသူတွေ၊ ကျေးရွာအိမ်တချို့မှာ ဝင်ရောက်နေသူတွေ၊ တောင်ယာတောမှာ နေထိုင်သူတွေနဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဘက်ကို စစ်ရှောင်နေကြရသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

ပုံစာ-စစ်ရှောင်မီးဘေးသင့်ပြည်သူများကို ထောက်ပံ့ငွေပေးနေစဥ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်း #ကလေး #စစ်ကောင်စီ #မီးရှို့ဖျက်စီး #မီးဘေးသင့်စစ်ရှောင်ပြည်သူ #NGO #ကူညီထောက်ပံ့ #လူသားစာနာ #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10