စားသုံးဆီဖူလုံဖို့စိုက်ပျိုးခဲ့တဲ့ CDF KKG ရဲ့ နေကြာစိုက်ခင်းတွေ အထွက်နှုန်းလျော့ကျ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်ထဲမှာ CDF KKG တပ်ရင်း ၃ က စိုက်ပျိုးထားတဲ့ နေကြာခင်းတွေကို မေ ၂ ရက်မှာ ခူးဆွတ်သိမ်းဆည်းခဲ့ရာ အထွက်နှုန်းလျော့ကျခဲ့တယ်လို့ အဲ့ဒီတပ်ရင်းဆီက သိရပါတယ်။

တပ်ရင်းအနေနဲ့  ၂၀၂၃ ဒီဇင်ဘာ ၂၆ ရက်က စားသုံးဆီဖူလုံဖို့အတွက်နေကြာ ၄ ဧကကို စတင်စိုက်ပျိုးခဲ့တာဖြစ်ပြီး  ရေအလုံအလောက်မရရှိတာနဲ့ စိုက်ပျိုးချိန်နောက်ကျတာကြောင့် နေကြာအထွက်နှုန်း လျော့ကျခဲ့တယ်လို့ ဆိုပါတယ်။

စိုက်ချိန်နောက်ကျတာနဲ့ ရေအလုံအလောက်မသွင်းနိုင်လို့ အပင်ပေါက်နည်းပြီး အသီးအပွင့် မအောင်မြင်ခဲ့ဘူးလို့ CDF KKG တပ်ရင်း ၃ တာဝန်ရှိသူတဦးက ပြောပါတယ်။

ယခင်က နေကြာစိုက်ပျိုးရာမှာ ပုံမှန်ရာသီဥတုနဲ့ ရေရရှိမှုကောင်းမွန်ပါက ၁ ဧကကို နေကြာ ၁၀ တင်းအထက် ထွက်ရှိနိုင်ပေမယ့် ယခုစိုက်ပျိုးမှုမှာတော့ ၄ ဧကကိုမှ ၁၁ တင်းသာ ထွက်ရှိတဲ့အတွက် ပုံမှန်အထွက်နှုန်းရဲ့ တဝက်ခန့်ပင် မထွက်ခဲ့ဘူးလို့ သိရပါတယ်။ 

စိုက်ပျိုးရာမှာ မျိုးဖိုး၊ ထွန်ယက်ခ၊ စိုက်ပျိုးရေးဆေးဖိုး၊ ရေတင်ခစတဲ့ စုစုပေါင်း ကုန်ကျစားရိတ် ၇ သိန်းကျပ်ခန့်ရှိတယ်လို့ ဆိုပါတယ်။

လာမယ့် မိုးကာလမှာလည်း စပါးနဲ့ ပဲယင်းသီးနှံကို ရိက္ခာဖူလုံဖို့အတွက် ဧက ၂၀ ကျော်ဆက်လက် စိုက်ပျိုးသွားမယ်လို့လည်း CDF KKG တပ်ရင်းဆီက သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #ကလေး #CDF KKG #ဆီထွက်သီးနှံ #အထွက်နှုန်းလျော့ကျ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10