စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသမီးတဦး မိုင်းထိလို့ ခြေတဖက်ဖြတ်လိုက်ရ

စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသမီးတဦး မိုင်းထိလို့ ခြေတဖက်ဖြတ်လိုက်ရ

မကွေးတိုင်း၊ ထီးလင်းမြို့ပေါ်မှာ စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသမီးတဦး ဟာ ဇူလိုင်လ ၁၇ ရက် ဒီနေ့မနက် ၉ နာရီလောက်မှာ မိုင်းထိလို့ ခြေတဖက်ဖြတ်လိုက် ရတယ်လို့ ထီးလင်းမြို့ခံ တဦးဆီက သိရပါတယ်။

မိုင်းထိသွားတဲ့ အမျိုးသမီးဟာ အသက် (၄၇) နှစ်အရွယ် ဒေါ်မာလာသန်းဖြစ်ပြီး သူမဟာ ဒီနေ့မနက်မှာ မြို့မြောက်ဖက် အဝင်ဂိတ်နား ဗျာဒိတ်ကုန်းအရှေ့နားက အမှိုက်ပုံကိုမွှေနှောက်ရင်း ပေါက်ကွဲမှုဖြစ်လို့ ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ကာ အဲအဝင်ဂိတ်ဟာ စစ်ကောင်စီတပ်သားတွေ အထိုင်ချစစ်ဆေးတဲ့နေရာဖြစ်တယ်လို့ ဆိုပါတယ်။

“မိုင်းထောင်ထားတာကလည်း စကစ ကပဲထောင်ထားတာလေ၊ သူတို့မိုင်းကွဲတော့လည်းပြည်သူတွေက လာကြည့်ရဲမှာမဟုတ်ဘူး။ သူတို့စကစအတိုင်းအဝိုင်းကပဲလာကြည့်ပြီး ဆေးရုံကိုခေါ်သွားတယ်။ ခြေထောက်တဖက်တော့ ဖြတ်လိုက်ရတယ်လို့ ကြားတယ်” လို့ အမည်မဖော်လိုတဲ့ ထီးလင်းမြိုခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ဒေသကာကွယ်ရေးအဖွဲ့တွေကတော့ အဲဒီနေရာမှာ သူတို့ထောင်ထားတဲ့ မိုင်းမရှိဘူးလို့ ပြောဆိုကြောင်း သူကဆိုပါတယ်။

မိုင်းထိသွားတဲ့ ဒေါ်မာလာသန်းဟာ ထီးလင်းမြို့ပေါ်မှာနေထိုင်သူဖြစ်ပြီး မကြာခဏဆိုသလို အမှိုက်ပုံထဲမှာရှိတဲ့ ပစ္စည်းတချို့နဲ့ အဝတ်အစားတွေကို လိုက်လံကောက်လေ့ရှိတယ်လို့လည်း မြို့ခံက ပြောပါတယ်။ 

“သူကအမှိုက်ပုံတွေထဲကနေ ရေသန့်ဗူးတို့ နဲနဲလှတတ်ပတတ်လေးတွေ တွေ့ရင်ကောက်တတ်တယ်။ အဲဒါတွေကို အမှိုက်ပုံထဲမှာ သူရှာနေကြပဲ။ သူတို့လူတော်တော်များက ချစ်ကြတယ်။ သူ့ကိုတွေ့တဲ့လူတိုင်း မုန့်တွေကျွေးတယ်။ သူက ၁၀ တန်းအထိက လူကောင်းပဲ နောက်ပိုင်းမှ အခုလိုစိတ်ကျန်းမာရေးမကောင်းတာတွေ ဖြစ်လာတာ” လို့ ဆိုပါတယ်။

အခုလို ထီးလင်းမြို့ပေါ်မှာ စစ်ကောင်စီမိုင်းကြောင့် ထိခိုက်သေဆုံးသူ ဒေါ်မာလာသန်းအပါအဝင် ၅ ဦးထက်မနဲရှိနေပြီးဖြစ်တယ်လို့ မြို့ခံတွေကဆိုကြပါတယ်။

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့တွေက ထီးလင်းမြို့နယ်၊ ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးတာတွေ ပိုမိုပြုလုပ်လာတယ်လို့လည်း သိရပါတယ်။

စာတည်း-နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#မကွေး #ထီးလင်း #မြို့ခံ #အမျိုးသမီး #ဗုံးပေါက်ကွဲမှု #စစ်ကောင်စီ

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10