သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ရှောင်စခန်းတာဝန်ခံလုပ်လာတာ ၁ နှစ်ကျော်ရှိပြီဖြစ်သည့် ကိုရဲမင်းသည် သူနှင့်အတူနေ သက်ကြီးရွယ်အိုများ စိတ်ထိခိုက်ပြီး မူမမှန်ဖြစ်နေမှုများကို ရိပ်မိနေခဲ့သည်မှာ ကြာပြီဖြစ်သည်။
နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည်မှာ ၁ နှစ်ကျော်ခဲ့ပြီဖြစ်သော်လည်း တချို့အသက်ကြီးရွယ်အိုများသည် မီးရှို့ခံ လိုက်ရသည့် သူတို့၏ နေအိမ်များအကြောင်း ပြန်ပြောဖြစ်သည့်အခါတိုင်း မျက်ရည်ကျကာ ငိုကြွေးနေကြဆဲဖြစ်သည်။
ကိုရဲမင်း၏ စစ်ရှောင်စခန်းတွင် မကွေးတိုင်း၊ စလင်းမြို့နယ် ကင်မွန်းခြုံကျေးရွာမှ ထွက်ပြေးလာကြသူများ နေထိုင်ကြသည်။
အိမ်ခြေ ၁၃၀ ကျော်ရှိသည့် ကင်မွန်းခြုံကျေးရွာကို ၂၀၂၃ မတ်လတွင် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများက မီးရှို့ဖျက်ဆီးခဲ့ရာ တရွာလုံးနီးပါး မီးလောင်ပျက်စီးခဲ့ပြီး နေအိမ် ၁၀ လုံးလောက်သာ ကျန်ခဲ့သည်။ ကျန်ခဲ့သည့်အိမ်များသည်လည်း အကောင်းပကတိမဟုတ်တော့ဟု ကိုရဲမင်းက ပြောသည်။
ရွာမီးရှို့ခံရပြီးနောက် နေစရာမရှိတော့သည့် ရွာသူရွာသားများကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့်အတူ ကိုရဲမင်းက ခေါ်ဆောင်ကာ စစ်ရှောင်စခန်းတွင် နေရာချထားပေးခဲ့သည်။
ထိုစစ်ရှောင်စခန်းတွင် စုစုပေါင်းလူဦးရေ ၄၀၀ ကျော်ရှိပြီး အသက် ၆၀ မှ ၈၀ နှစ် ဝန်းကျင် သက်ကြီးပိုင်း အဘိုးအဘွား အယောက် ၃၀ ဝန်းကျင်ပါဝင်သည်။
“နီးစပ်ရာကျေးရွာတွေကို စျေးဝယ်သွားတာပဲဖြစ်ဖြစ် သူတို့မိသားစုနဲ့အပြင်ထွက်တာပဲဖြစ်ဖြစ် သူတို့အိမ်လေးတွေကို သတိရပြီး ငါ့အိမ်လေးဆိုရင် ဒီထက်မကကောင်းတာ၊ ငါ့အိမ်လေးဆိုရင် ဒီထက်မက ပိုအဆင်ပြေတာ ဆိုတဲ့ စိတ်မျိုးနဲ့ သူတို့ အမြဲတမ်းပြောတယ်။ ငါတို့ပြန်ရင် ပြန်စရာအိမ်ကမရှိတော့ဘူး ဆိုပြီးပြောတယ်”
ကူညီသူများက အိမ်ပြန်ဆောက်ပေးပါမည်ဟု သူတို့ကို ဖျောင်းဖျနှစ်သိမ့်သော်လည်း အနှစ်နှစ်အလလ တည်ဆောက်ခဲ့သည့် သူတို့ရဲ့ မူလအိမ်လို ပြန်မဖြစ်နိုင်တော့ဘူးဟုသာ ညည်းတွားကြသည်။
မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၇ သောင်းနီးပါး မီးလောင်ပျက်စီးခဲ့ရသည်ဟု သုသေသနအဖွဲ့တခုဖြစ်သည့် Data for Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နေအိမ်မီးလောင်ပျက်စီး၍ စစ်ဘေးရှောင်စခန်းများသို့ ပြောင်းရွှေ့နေထိုင်ကြသူများအနက် သက်ကြီးရွယ်အိုတချို့သည် စိတ်ဓာတ်ကျဒဏ်များကို ခံစားနေရင်း စစ်ရှောင်စခန်းများတွင် နေထိုင်လျက်ရှိသည်ဟု စစ်ရှောင်စခန်း တာဝန်ခံများက ပြောသည်။
“နေရပ်စွန့်ခွာထွက်ပြေးလာရတာ ၁ နှစ်ကျော်ပါပြီ။ အိမ်အကြောင်းပြောလိုက်တာနဲ့ ငိုတဲ့အနေအထားတွေရှိ ပါတယ်။” ဟု မကွေးတိုင်းအတွင်းက စစ်ရှောင်စခန်းတာဝန်ခံ ကိုရဲမင်းက ပြောသည်။
စစ်ဘေးသင့်ပြီး အိုးအိမ်မဲ့ဖြစ်ခြင်းသည် စိတ်ဒဏ်ရာဖြစ်ရပ်အလွန် စိတ်ဖိစီးမှုလွန်ကဲခြင်း Post - traumatic stress disorder (PTSD) နှင့် စိတ်ဓာတ်ကျခြင်းကဲ့သို့ ပြင်းထန်သော စိတ်ကျန်းမာရေးပြဿနာ ဖြစ်စေနိုင်သည်ဟု စိတ်ကျန်းမာရေးပညာရှင်များက ဆိုထားသည်။
နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေး - AAPP ၏ ၂၀၂၂ ဒီဇင်ဘာ ၅ ရက်ထုတ် အစီရင်ခံစာတခု တွင်လည်း နိုင်ငံတဝှမ်း ပဋိပက္ခများကြောင့် အိုးအိမ်မဲ့ဖြစ်ရသည့် လူဦးရေ ၃၀ ရာခိုင်နှုန်းဝန်းကျင်သည် အထက်ပါ စိတ်ကျန်းမာရေးချို့ယွင်းမှုဒဏ်ကို ခံစားနေရသည်ဟု ဖော်ပြထားသည်။
ကိုရဲမင်း၏ စစ်ရှောင်စခန်းရှိ အသက် ၆၀ အရွယ် အဘိုးအဘွား ၅ ဦးသည် ကျေးရွာ မီးရှို့ခံရသည့်နေ့က ၎င်းတို့ကို စစ်ကောင်စီတပ်သားများက ဖမ်းဆီးခဲ့သည်။
ထို့နောက် ရွာကို မီးရှို့သည့်အကြောင်း မည်သူ့ကိုမျှပြန်မပြောရန် စစ်ကောင်စီတပ်သားများက ၎င်းတို့ ၅ ဦးကို သေနတ်ထောက်ခြိမ်းခြောက်ပြီး ပြန်လွှတ်ပေးခဲ့သည်။
အဆိုပါ အဘိုးအဘွားများသည် ယခုအချိန်ထိ သေနတ်မြင်လျှင်ကြောက်လန့်နေကြဆဲဖြစ်သည်ဟု ကိုရဲမင်းက ပြောသည်။
“နဖူးကို ပြောင်းဝတေ့ပြီး မင်းတို့ ငါတို့မီးရှို့တာကိုမပြောနဲ့ ပြောရင် သတ်ပစ်မယ်ဆိုပြီး ပြောတာ။ ဒါမျိုးတွေထိ ခြိမ်းခြောက်ခံရတော့ အဲ့ဒီအဘိုးအဘွားတွေမှာဆိုရင် ခုချိန်အထိ သေနတ်မြင်ရင်ကို ကြောက်နေကြတာ။” ဟု သူက ပြောသည်။
စစ်ရှောင်စခန်းရှိ အဘိုးအဘွားများဆီသို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ လာရောက်စကားပြောသည့်အခါ သူတို့အနီးကိုလာလျှင် သေနတ်များယူမလာရန် တောင်းဆိုကြပြီး တချို့အဘိုးအဘွားများမှာလည်း သေနတ်မြင်လျှင် ခြေတုန်လက်တုန် ဖြစ်တတ်ကြသည်ဟု ဆိုသည်။
“လက်နက်ကိုင်အဖွဲ့အစည်းတွေ လာရင်တောင်မှ သေနတ်မြင်ရင် ‘ဒါကြီးယူမလာပါနဲ့’ ဆိုပြီး ပြောတာ။ သေနတ်ကို ပြလို့မရတဲ့အနေအထားတွေပေါ့။ တချို့ဆို သေနတ်မြင်ရင် လက်တွေခြေထောက်တွေ တုန်လာ တယ်။ အဲ့ချိန်ကျ ဘေးကနေ ‘ဘာမှမဖြစ်ဘူး ဒါကျနော်တို့ဘက်ကလူတွေ’ ဆိုတာမျိုးတွေ ပြောရတယ်။” ဟု ကိုရဲမင်းက ဆိုသည်။
ထိုအခြေအနေများကြောင့် လက်နက်ကိုင်အဖွဲ့အစည်းများလာလျှင် လက်နက်များကို စခန်းတွင်း မယူဆောင်ခိုင်းတော့ဘဲ စစ်ရှောင်စခန်းရှေ့မှာသာထားခဲ့ရန် စည်းကမ်းသတ်မှတ်လိုက်ရသည်ဟု ကိုရဲမင်းက ရှင်းပြသည်။
“စိတ်ဒဏ်ရာရနေသူတွေကို ကျနော်တို့လည်း စိတ်ဒဏ်ရာထပ်ပေးလို့ မဖြစ်ဘူးပေါ့နော်။ အဲ့ဒါကြောင့်မို့လို့လည်း ဒီအချက်လေး သတ်မှတ်ရတာပါ။” ဟု ဆိုသည်။
ယခုလို စိုးရိမ်ထိတ်လန့်လွန်ပြီး စိတ်ဓာတ်ကျနေသည့် သက်ကြီးရွယ်အိုများ စိတ်သက်သာရာရအောင် ကိုရဲမင်းနှင့် ကူညီထောက်ပံ့နေသူများက မကြာခဏ အချိန်ပေးစကားပြော၍ နှစ်သိမ့်ပေးရသည်။
“တနိုင်ငံလုံးမှာဖြစ်နေတဲ့ သတင်းအကြောင်းအရာတွေကို ပြောပြပြီး ကျနော်တို့အိမ်ပြန်ရတော့မှာ၊ ဘာမှမပူနဲ့ ဆိုပြီး အားတက်အောင် ပြောဆိုနေပါတယ်။” ဟု ကိုရဲမင်းက ပြောသည်။
၂၀၂၃ ဧပြီ ၁၁ ရက်တွင် ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်မှ အသက်မသေဘဲ လွတ်မြောက်ခဲ့သည့် သက်ကြီးရွယ်အိုများသည်လည်း လေယာဉ်ကြောက်စိတ် ဝင်နေကြသည်မှာ ယနေ့တိုင်ဖြစ်သည်ဟု ပဇီကြီးကျေးရွာခံ ကိုညို(အမည်လွှဲ)က ပြောသည်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းသုံးတိုက်ခိုက်ခဲ့ရာ ကလေးသူငယ် ၃၈ ဦးအပါ စုစုပေါင်း ၁၇၄ ဦး သေဆုံးခဲ့သည်။
“လေယာဥ်က အသံကြီးဟိန်းပြီး အထူးသဖြင့် ပတ်ဝဲနေရင်ပေါ့။ အဲ့လိုဆိုရင် သူတို့ နေစရာကို မရှိတော့ဘူး။ တချို့ဆို ခြေတွေလက်တွေကို တုန်ပြီး ကိုင်ပေးထားရတယ်။ လူကြီးတွေဆိုတော့ ပြေးလည်း မပြေးနိုင်တော့ လူငယ်တွေ ရွှေ့ပေးမှ တချို့လည်းရွေ့ရတာကိုး။” ဟု ကိုညိုက ပြောသည်။
ထိုအခြေအနေကို အသက် ၆၅ မှ ၈၀ အပိုင်းအခြား သက်ကြီးဘိုးဘွားများတွင် အဓိကတွေ့ရပြီး လေယာဥ်သံ အပြင် ပစ်ခတ်သံများကိုလည်း ကြောက်လန့်နေကြသည်ဟု ဆိုသည်။
“သက်ကြီးရွယ်အိုပိုင်းတွေက ပစ်သံခတ်သံ၊ သေနတ်သံတို့ လက်နက်ကြီးသံ၊ လေယာဥ်သံတို့ကြားရင် ဘယ်လေယာဥ်ပဲပျံပျံပေါ့ ကောင်းကောင်းဆိုးဆိုး ကြောက်တာ။ တချို့သက်ကြီးရွယ်အိုပိုင်းတွေဆိုရင် ဒူးများပျော့ခွေလဲပြီးတော့ မသွားနိုင် မလာနိုင်တဲ့ထိအောင် ဖြစ်တယ်။”ဟု ကိုညိုက ပြောသည်။
ထို့ကြောင့် ကိုညိုအပါအဝင် လူငယ်ပိုင်းများက လေယာဥ်သံကြားသည့်အခါ ကြောက်လန့်နေလေ့ရှိသည့် အဘိုးဘွားများ၏ ဘေးတွင်အဖော်ပြုနေပေးသည်။
၂၀၂၁ စစ်အာဏာမသိမ်းခင်က နိုင်ငံအလယ်ပိုင်းရှိ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းသည် လက်နက်ကိုင်တိုက်ပွဲ မရှိရာ အရပ်ဖြစ်သည်။ စစ်အာဏာသိမ်းမှု၏ အကျိုးဆက်အဖြစ် နိုင်ငံအလယ်ပိုင်းတွင် တိုက်ပွဲများ ပြင်းထန်လာရာ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းသည် အာဏာသိမ်းစစ်တပ်၏ ရွာစဉ်လှည့်မီးရှို့ခြင်းကို ခံစားလာရသည်မှာ ၃ နှစ်နီးပါးရှိပြီ ဖြစ်သည်။
ထိုဒေသမှ ထိခိုက်ပျက်စီးမှုများသည် နိုင်ငံအတွင်းတွင် အဆိုးဆုံးအခြေအနေဖြစ်နေသည်ကို အချက်အလက် ကောက်ယူနေသည့် အဖွဲ့အစည်းများ၏အစီရင်ခံစာများတွင် အထင်အရှား တွေ့နိုင်သည်။
စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းနေရပ်စွန့်ခွာနေရသူ ၃ သန်းကျော်ရှိပြီး စစ်ကိုင်း၊ မကွေးနှင့် ချင်းပြည်နယ်တို့မှ ၁ သန်းခွဲဝန်းကျင်ပါဝင်သည်ဟု ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ၏ ၂၀၂၄ ခုနှစ်၊ မေလ ၃ ရက် အစီရင်ခံစာတွင် ဖော်ပြထားသည်။
နယ်စပ်ဒေသမှ စစ်ဘေးသင့်များထံ နိုင်ငံတကာအကူအညီတချို့ရောက်သော်လည်း နိုင်ငံအလယ်ပိုင်းကို မရောက်နိုင်ဖြစ်နေပြီး အချင်းချင်းသာ ကူညီနေရသည်ဟု စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်မှ ကိုစိုးဝင်းဆွေက ဆိုသည်။
“စကောထဲ ဇီးဖြူသီးထည့်လှိမ့်သလိုပေါ့ဗျာ။ ဒီဘက်ရွာ မီးရှို့ခံရရင် ဟိုဘက်ရွာကိုပြေး။ နောက် အဲဒီရွာမီးရှို့ခံရရင် ဒီဘက်ရွာပြန်ပြေး ဖြစ်နေကြတာ။”ဟု သူက ပြောသည်။
စစ်ဘေးဒဏ်ကို ကြုံတွေ့ခံစားနေရသူများနှင့် စိတ်ထိခိုက်လွယ်သောလူများ (vulnerable population) ကို အဓိကဆွေးနွေးနှစ်သိမ့်မှုပေးနေသည့် ဆရာမ Daisy က စိတ်ဒဏ်ရာရနေသည့် စစ်ဘေးသင့် သက်ကြီးရွယ်အိုများကို စိတ်ပိုင်းဆိုင်ရာကုသမှုပေးရန် လိုအပ်နေသည်ဟု ပြောသည်။
အချိန်မီ မကုစားနိုင်ပါက စိတ်ကစဉ့်ကလျားဖြစ်ခြင်းနှင့် နာတာရှည်စိတ်ကျန်းမာရေးထိခိုက်သည်အထိ ဖြစ်လာနိုင်သည်ဟု သူက ဆိုသည်။
ထို့ကြောင့် အရပ်ဘက်အဖွဲ့အစည်းများက ရှေးဦးသူနာပြုစုနည်းနှင့် သက်ဆိုင်သော Psychological First Aid သင်တန်းပေးကာ စစ်ဘေးဒဏ်သင့်ဒေသများတွင် စေတနာ့ဝန်ထမ်းများကိုထားရှိပြီး စိတ်ဒဏ်ရာရနေသူများကို ကုသပေးနိုင်ပါက ပိုပြီးထိရောက်မှုရှိနိုင်သည်ဟု သူက အကြံပြုသည်။
“ခန္ခာကိုယ်ပိုင်းဆိုင်ရာကိုလည်း ကျနော်တို့ ဦးစားပေးခဲ့သလိုပဲပေါ့ စိတ်ကျန်းမာရေးကိုလည်း တကယ်ပဲ ခုချိန်မှာ ရှေ့တန်းတင်ပြီးတော့မှ ကုစားရမယ့်အရာတွေ အများကြီးရှိတယ်။”
ကင်မွန်းခြုံစစ်ရှောင်စခန်းတာဝန်ခံ ကိုရဲမင်းသည်လည်း ၎င်း၏စစ်ရှောင်စခန်းမှ စိတ်ဒဏ်ရာရ သက်ကြီး ဘိုးဘွားများကို စိတ်ပိုင်းဆိုင်ရာကုစားမှုများပေးနိုင်ရန် စီစဥ်ဆောင်ရွက်လျှက်ရှိသည်။ သို့သော် ကျွမ်းကျင်မှုနှင့် ထောက်ပံ့အားပေးမှုများ အားနည်းနေသည့်အတွက် ထိရောက်သည့်ကုစားမှုမျိုးကို မလုပ်ဆောင်နိုင်သေးပေ။
“အဓိက လိုအပ်ချက်ကတော့ကျွမ်းကျင်မှုပေါ့။ ဘိုးဘွားတွေနဲ့ပက်သက်ပြီး စိတ်ဒဏ်ရာဘယ်လိုကုသရမယ်၊ ဘယ်လိုမျိုး ဖြေသိမ့်ပေးရမယ်ဆိုတာတွေကို ကျွမ်းကျင်တဲ့သူတွေက ကျနော်တို့မှာ မရှိဘူးဖြစ်နေတယ်။” ဟု ဆိုသည်။
#မြေလတ်အသံ
#ဆောင်းပါး #စိတ်ကျန်းမာရေး #စစ်ရှောင် #သက်ကြီးရွယ်အို #အညာ
Share Share Share