စိုက်ပျိုးစရိတ်ချေးငွေတွေ ခြိမ်းခြောက်တောင်းနေလို့ လယ်သမားတွေအခက်ကြုံ

စိုက်ပျိုးစရိတ်ချေးငွေတွေ ခြိမ်းခြောက်တောင်းနေလို့ လယ်သမားတွေအခက်ကြုံ

ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်ထဲက လယ်သမားတွေကို စစ်ကောင်စီလက်အောက်ခံ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က စိုက်ပျိုးစရိတ်ချေးငွေတွေကို ပြန်ဆပ်ဖို့ ခြိမ်းခြောက်တောင်းခံနေတယ်လို့ ဒေသခံလယ်သမားတွေဆီက သိရပါတယ်။

ခရိုင်တွင်းရှိ သာယာဝတီ၊ အုတ်ဖို၊ နတ္တလင်း တို့မှာရှိတဲ့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာက ခြိမ်းခြောက်စာတွေ ပို့ကာ တောင်းခံနေတာလို့ သိရပါတယ်။


"ကျတော်တို့မိသားစုက ၃ ဦးရှိတာ လယ်က ၆ ဧက ရှိတယ်။ အရင်က ပြေပြေလည်လည် စားနိုင်သောက်နိုင်တယ်။ အာဏာသိမ်းပြီးကတည်းက ကုန်စျေးနှုန်းတွေ ကြီးပြီး လယ်ထွက်စပါးကလည်း အရင်းလောက်ပဲ ပြန်ရတော့ ဘဏ်ကြွေးဆိုတာလည်း မဆပ်နိုင်ဘူး။ အခုအဲဒီကြွေးတွေ ပြန်ဆပ်နိုင်ဖို့ ထိုင်းနိုင်ငံကို တရားမဝင်သွားပြီး အလုပ်လုပ်နရတယ်" လို့ သာယာဝတီမြို့ခံ လယ်သမားတဦးက ပြောပါတယ်။

လက်ရှိမှာလည်း စိုက်ပျိုးစရိတ်ချေးငွေတွေ ပြန်ဆပ်ဖို့ တောင်းခံလွှာတွေ ရောက်နေတယ်လို့ သူကဆက်ပြောပါတယ်။

ငွေတောင်းခံစာတွင် စိုက်ပျိုးစရိတ်ချေးငွေကို လာမယ့်မတ်လ ၁၈ ရက် နောက်ဆုံးထား ပေးဆပ်ရန်နဲ့ ပျက်ကွက်ပါက ဘဏ်ရဲ့လုပ်ထုံးလုပ်နည်း နည်းဥပဒေတွေနဲ့အညီ စီမံခန့်ခွဲခြင်းနဲ့ တရားစွဲဆိုတာတွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အုတ်ဖိုမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဒေါ်လွင်မာကြည်ရဲ့ ပြီးခဲ့တဲ့ဖေဖေါ်ဝါရီလက တောင်းခံတဲ့စာမှာလည်း သတ်မှတ်ရက်မှာ ပျက်ကွက်ပါက လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် (ပုံစံ ၇)ကို ဘဏ်ဥပဒေနဲ့အညီအရေးယူသွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် နတ်တလင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာလက်မှတ်ရေးထိုး တောင်းခံစာမှာတော့ သတ်မှတ်ရက်မှာ ပျက်ကွက်ပါက လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် (ပုံစံ - ၇)ကို လေလံတင် ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီက လက်အောက်ခံ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွေက စိုက်ပျိုးစရိတ် ချေးငွေ ခြိမ်းခြောက်တောင်းခံနေပေမယ့် အုတ်ဖိုမြို့နယ်နဲ့ နတ်တလင်းမြို့နယ် အရှေ့ဘက်က ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးနေရတာကြောင့် ရွာလုံးကျွတ် တိမ်းရှောင်နေရပြီး စပါးစိုက်ပျိုးနိုင်ခြင်းမပြုရတဲ့ လယ်သမားတွေလည်း ရှိနေပါသေးတယ်။

သာယာဝတီခရိုင် ပကဖအဖွဲ့ဝင် ဦးလူအေးကတော့ "စစ်ကောင်စီစစ်အစိုးရ စစ်မိစ္ဆာဆိုတာက ဘယ်တုန်းကမှ ပြည်သူလူထု အကျိုးကျေးဇူး ပြည်သူလူထုအပေါ် မျက်နှာမူတယ်ဆိုတဲ့ အစိုးရတရပ် ဘယ်တုန်းကမှ မဖြစ်ခဲ့ဘူး။ သူတို့ကိုယ်ကျိုး သူတို့ရလိုမှုပဲ အမြဲတမ်းကြည့်နေတာဖြစ်တယ်" လို့ ဆိုပါတယ်။

ဆက်လက်ပြီးလည်း "သူတို့က ဒီထက်ပိုပြီး နိုင်ထက်စီးနင်းလုပ်နေအုံးမှာ ဖြစ်တယ်။ ပြည်သူလူထု ဘယ်သူ့ကိုမဆို လယ်သမားကိုပဲဖြစ်ဖြစ် အကုန်လုံးခေါင်းပုံဖြတ်ပြီးတော့ အားလုံးဆင်းရဲတွင်းနက်ပြီးတော့ ခြွတ်ခြုံကျသွားအောင် လည်မြိုကိုနင်းလို့ရအောင် အုပ်ချုပ်နေတာ ဖြစ်တယ်" လို့ ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရယ် NUG အစိုးရရယ် ပူးပေါင်းပြီးတော့ ပြည်သူလူထုတရပ်လုံး ရရာလက်နက်စွဲကိုင်ပြီး တော်လှန်တဲ့တနေ့ ရောက်လာမှာပါလို့လည်း သူကဆက်ပြောပါတယ်။

လက်ရှိမှာ ချေးငွေပြန်မဆပ်နိုင်တဲ့ လယ်သမားတွေအနေနဲ့ ခြိမ်းခြောက်စာတွေကြောင့် တရားစွဲဆိုတာနဲ့ လယ်သိမ်းခံရမှာကို စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

စာတည်း - 007
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10