စိုက်ပျိုးရေးသုံး ပုလဲဓါတ်မြေဩဇာကို တော်လှန်ရေးဆက်စပ်ပစ္စည်းဆိုပြီး စစ်ကောင်စီက သိမ်းဆည်းကာ လူကိုပါဖမ်းနေ

စိုက်ပျိုးရေးသုံး ပုလဲဓါတ်မြေဩဇာကို တော်လှန်ရေးဆက်စပ်ပစ္စည်းဆိုပြီး စစ်ကောင်စီက သိမ်းဆည်းကာ လူကိုပါဖမ်းနေ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တွေမှာ ပုလဲဓာတ်မြေသြဇာတွေကို သိမ်းဆည်းပြီး၊ လူတွေကို ဖမ်းဆီးနေတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

ဒီပဲယင်းနယ်မှာ စပါးခင်းသုံးဖို့သယ်လာတဲ့  ပုလဲဓာတ်မြေသြဇာတွေကို သြဂုတ်လလယ်ပိုင်းကတည်းက စစ်တပ်ဂိတ်တွေက သယ်ယူခွင့်မပြုဘဲ၊ တွေ့ရှိတဲ့အခါ ပစ္စည်းကို သိမ်းဆည်းဖျက်ဆီးတာနဲ့ လူကိုလည်း ခြိမ်းခြောက်ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

"ပုလဲဓါတ်မြေသြဇာတွေ မြို့ပေါ်မှာဝယ်လို့မရတော့ဘူး။ မြေသြဇာပါလား၊ ပါရင်လည်လှီးပစ်မယ်လို့ စစ်တပ်ဂိတ်က ခြိမ်းခြောက်တယ်။ သုံးဘီးတို့ ထော်လာဂျီသမားတွေလည်း မသယ်ရဲကြဘူး။တွေ့ရင် လူရောပစ္စည်းပါဖမ်းတယ်" လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ရေဦးနယ်က ပုလဲဓာတ်မြေသြဇာရောင်းချတဲ့ကိုယ်စားလှယ်တဦးကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းသွားပြီး ဓါတ်မြေဩဇာအိတ် ၅၀၀၀ ကျော်ကိုလည်း ဖျက်ဆီးသိမ်းဆည်းသွားတာရှိသလို သယ်ယူလို့ ဖမ်းဆီးခံရတဲ့သူတွေလည်းရှိတယ်လို့ သူကဆက်ပြောပါတယ်။

လက်လုပ်ဗုံး၊ မိုင်းနဲ့ အခြားပစ္စည်းတွေ ထုတ်လုပ်ရာမှာ Ammonium Nitrate ရရှိဖို့ ကုန်ကြမ်းအဖြစ်အသုံးပြုနိုင်တဲ့ ပုလဲဓါတ်မြေဩဇာကို တားမြစ်ချင်ပုံရတယ်လို့ PDF တပ်ဖွဲ့ ထုတ်လုပ်ရေးပိုင်းတာဝန်ရှိသူ တချို့ဆီက သိရပါတယ်။

"ကျနော်တို့ကတော့ မသိဘူးပေါ့နော်။ သူတို့က ယမ်းလုပ်လို့ရတယ်လို့ သူတို့ပြောလို့သိရတာ။ ကျနော်တို့ကမနီးစပ်ဘူးလေ။ တော်လှန်ရေးဆက်စပ်ပစ္စည်း လုပ်တယ်ဆိုပြီး ဖမ်းဆီးတာဆိုပြီး တားမြစ်တာဆိုပြီး စစ်တပ်ဂိတ်ကပြောတာ။ ပုလဲတမျိုးထဲကိုပဲ ဦးတည်ဖမ်းတာ" လို့ ဒေသတွင်းတောင်သူတဦးက မြေလတ်အသံကိုပြောပါတယ်။

ဒီပဲယင်းနယ်မှာ ပုလဲဓာတ်မြေသြဇာဝယ်မရလို့ တခြားနယ်ဘက်တွေကနေ သုံးဘီးနဲ့ထော်လာဂျီငှားပြီး သယ်ယူရာ မြေဆီတအိတ်ကို လမ်းခရီးကောင်းပါက ၃၀၀၀-၃၅၀၀ ကျပ်၊ မိုးရွာလို့လမ်းမကောင်းပါက ၄၀၀၀-၅၀၀၀ ကျပ်အထိ ငှားရမ်းခပေးရတယ်လို့ ဆိုပါတယ်။

"မြေဆီက ကိုယ့်စိတ်ကြိုက်ဝယ်လို့မရ၊ သယ်လို့လည်းမရပါဘူး။ စပါးခင်း မြေဆီကြဲဖို့ အခက်တွေ့နေကြတယ်။ တောင်သူတွေကို စစ်တပ်က ဒုက္ခမရောက်ရောက်အောင်လုပ်နေတဲ့သဘောရှိတယ်" လို့ တောင်သူတဦးက ပြောပါတယ်။

တောင်သူတွေစပါးခင်းကြဲဖို့ မြေသြဇာဝယ်ရာမှာ ၅၀ ကီလိုအလေးချိန်ရှိ ပုလဲဓာတ်မြေသြဇာတအိတ်ကို ယခင်နှစ်က ၈၀၀၀၀ ကျပ်စျေးမှယခုနှစ် ၁၁၀၀၀၀ ကျပ်စျေးနှုန်းနဲ့ဝယ်နေရတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်ထိ စစ်ကောင်စီတပ်တွေက ပုလဲဓါတ်မြေဩဇာတွေကို ဖမ်းဆီးတာတွေလုပ်နေလို့ ဝယ်ယူသယ်ဆောင်ဖို့ ခက်ခဲနေကြတယ်လို့ ဆိုပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #ပုလဲဓါတ်မြေဩဇာ #ဒီပဲယင်း #ရွှေဘို #စစ်ကိုင်း #စစ်ကောင်စီ #စိုက်ပျိုးရေး #ဖမ်းဆီးဖျက်ဆီး #တောင်သူလယ်သမား #သယ်ယူပို့ဆောင်ရေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10