စိုက်ပျိုးရေးအဆင်မပြေတဲ့ တောင်သူတွေ ထိုင်းမှာအလုပ်ကြမ်းလုပ်ဖို့ သွားသူ များလာ

စိုက်ပျိုးရေးအဆင်မပြေတဲ့ တောင်သူတွေ ထိုင်းမှာအလုပ်ကြမ်းလုပ်ဖို့ သွားသူ များလာ

လယ်ယာစိုက်ပျိုးရေး တခုတည်းနဲ့ မိသားစုစားဝတ်နေရေး မပြေလည်တာကြောင့် ထိုင်းနိုင်ငံကို နည်းမျိုးစုံနဲ့ သွားရောက် အလုပ်လုပ်ကိုင်ကြသူတွေထဲမှာ လယ်သမား သားသမီးတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

အဲဒီလို သွားကြသူတွေထဲမှာ ပဲခူးတိုင်းက အများဆုံးဖြစ်ပြီး မြေလတ်ဒေသ မကွေးတိုင်း မင်းတုန်း၊ ကံမ၊ သရက်နဲ့ အခြားမြို့နယ်များ စစ်ကိုင်းတိုင်းတို့ကလည်း ပါဝင်လာတယ်လို့ ဆိုကြပါတယ်။

လယ် ၅ ဧကနဲ့ ၁၀ ဧကအထက် ပိုင်ဆိုင်ကြတဲ့ လယ်သမားတွေရဲ့မိသားစုဝင်တွေဖြစ်ပြီး အများစုမှာ စားဝတ်နေရေး မပြေလည်တာကြောင့် တရားဝင်နည်းလမ်းအပြင် တရားမဝင်နည်းလမ်းတွေကိုပါ အသုံးပြုသွားလာနေကြတာလို့ သိရပါတယ်။


"ကျတော်တို့မိသားစုက လယ် ၆ ဧက ပိုင်ဆိုင်ပါတယ်။ မိသားစု ၅ ယောက်လောက်နဲ့ အဆင်ပြေပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ လယ်ယာမြေမှာ ထည့်သွင်းရတဲ့စိုက်ပျိုးစရိတ်တွေ အဆမတန် ခုန်တက်သွားတော့ လယ်ကပြန်ရတဲ့ငွေနဲ့ ထွက်ငွေနဲ့က မမျှဘူး ဖြစ်နေတယ်။ အာဏာမသိမ်းခင်နဲ့ အာဏာသိမ်းပြီး တော်တော်ကွာသွားလို့ အဆင်မပြေတော့လို့ အခုလို သူများတိုင်းပြည်မှာ အလုပ်သွားရောက် အလုပ်လုပ်ရတာပါ" လို့ ပဲခူးတိုင်း အနောက်ခြမ်းက လူငယ်တဦးက ပြောပါတယ်။

ထိုင်းနိုင်ငံကို တရားမဝင်နည်းလမ်းမျိုးစုံ သွားရောက်အလုပ်လုပ်ကိုင်ရသူတွေဟာ တရားဝင်အလုပ်လုပ်ကိုင်ရသူတွေထက် ပင်ပန်းတယ်လို့ သူကဆက်ပြောပါတယ်။

"သူများတိုင်းပြည်မှာ တရားမဝင်သွားရောက်ရလို့ ခိုးပြီးနေရတာဆိုတော့ အလုပ်လုပ်ရတော့ သူများတွေ မလုပ်ရတဲ့ ဆောက်လုပ်ရေးလို အလုပ်ကြမ်းမျိုးကို လုပ်ရတယ်။ သူများတိုင်းပြည်ကို မလာချင်ဘဲနဲ့ မိသားစုနဲ့ခွဲကာ နေရမယ့်အခြေအနေမျိုး ဖြစ်လာလို့ မလာချင်ဘဲနဲ့ လာခဲ့ရတာ" လို့ ပြောပါတယ်။

ထိုင်းနိုင်ငံကို တရားမဝင်နည်းနဲ့ လာခဲ့ရပေမယ့် ထိုင်းဘတ်ငွေ ၂ သောင်း ၇ ထောင်ခန့် (လက်ရှိ မြန်မာငွေပေါက်စျေး ကျပ်သိန်းနှစ်ဆယ်ကျော်) ပွဲစားကို ပေးရပြီး အပေါင်းအသင်းတွေရဲ့ထောက်ပံ့မှုနဲ့ ပေးနိုင်ခဲ့ကာ နေရာဒေသအသီးသီးက လယ်သမားသားသမီးတွေ တွေ့ရသလို အခြေခံလူတန်းစား လူငယ်တွေလည်း အများအပြားရှိတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံကို နည်းလမ်းမျိုးစုံနဲ့ သွားရောက် အလုပ်လုပ်ကိုင်ကြတာကြောင့် ပြည်တွင်းမှာလည်း လုပ်သားရှားပါးမှုနဲ့ ကြုံတွေ့ရတယ်လို့ ဒေသခံလယ်သမားတဦးက ပြောပါတယ်။

"လုပ်သားရှားပါးဆိုတာ ကျွမ်းကျင်လုပ်သား ရှားပါးတာကို ပြောတာပါ။ ပန်းရံမလုပ်ရ လက်သမားအလုပ် မဆင်းရတဲ့သူတွေလည်း ရှိပေမယ့် သူတို့တွေက လယ်ယာလုပ်ငန်းကိစ္စတွေမှာ မကျွမ်းကျင်ဘူး။ မကျွမ်းကျင်တော့ လုပ်ရတာအဆင်မပြေဘူး။ အလုပ်မရှိတဲ့လူတွေ ရှိတယ်။ လယ်ယာလုပ်ငန်းနဲ့ နီးစပ်တဲ့သူ မဟုတ်ကြဘူး" လို့ ပြောပါတယ်။

ထိုင်းနိုင်ငံကို တရားဝင်လုပ်သား ပို့ဆောင်ပေးနေတဲ့ အေဂျင်စီတခုက တာဝန်ရှိသူ အမျိုးသမီးတဦး ပြောတာကတော့ "ပို့ဆောင်ပေးနေရသူတွေထဲမှာ ပဲခူးတိုင်းနဲ့ မကွေးတိုင်းအပြင် စစ်ကိုင်းတိုင်းမြို့နယ်အချို့က လူငယ်တွေလည်း လာရောက်ကြတယ်" လို့ ဆိုပါတယ်။

ဒါ့အပြင် တရားမဝင်လာရောက်သူတွေလည်း အများအပြားရှိနေပြီး ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးခံရမှုတွေလည်း ရှိနေပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးချိန်ကစလို့ စီးပွားရေး ယိုယွင်းကျဆင်းကာ အခြေခံအလုပ်သမားအများစု စီးပွားရေးအကြပ်အတည်းနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

ပုံစာ - ထိုင်းနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ အလုပ်လုပ်နေကြတဲ့ ရွေ့ပြောင်းမြန်မာလုပ်သားများ။

စာတည်း - 007
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10