စိုင်ပြင်လေးရွာမှာတပ်စွဲခဲ့တဲ့ စစ်ကြောင်းကို PDF တွေတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စိုင်ပြင်လေးရွာမှာ အထိုင်ချနေတဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်က စစ်သားတွေ ပါဝင်တဲ့စစ်ကြောင်းကို အောက်တိုဘာ ၂၃ ရက် မနေ့က မဟာမိတ်တွေပူးပေါင်းပြီး ၄၀ မမ၊၆၀ မမတွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ Monywa Inventor အဖွဲ့ဆီက သိရပါတယ်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)က အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ စိုင်ပြင်လေးကျေးရွာမှာ အထိုင်ချနေစဥ် အောက်တိုဘာ ၂၃ ရက် နေ့လယ် ၁၂ နာရီခွဲခန့်မှာ ၄၀ မမ၊ ၆၀ မမ အလုံး ၃၀ နဲ့ ၁ နာရီခန့်ကြာအောင် ပစ်ခတ်ခဲ့တာလို့ ဆားလင်းနယ်အခြေစိုက် Monywa Inventor တပ်ဖွဲ့ တိုက်ခိုက်ရေးတာဝန်ခံ ရဲဘော် မိုးသောက် က မြေလတ်အသံကို ပြောပါတယ်။

စစ်ကောင်စီဘက်ကပစ်တဲ့ လက်နက်ကြီးတွေဟာ အနီးအနားကကျေးရွာတွေအတွင်းကို ကျရောက်ခဲ့ပေမယ့် ကျေးရွာကပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေတဲ့အတွက် ထိခိုက်သေဆုံးမှုမရှိခဲ့ဘူးလို့ ဆက်ပြောပါတယ်။

PDF ပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်း အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီဘက်ကသေဆုံးထိခိုက်မှုကိုတော့ မသိရသေးဘူးလို့ဆိုပါတယ်။

တိုက်ခိုက်မှုကို Monywa inventor၊ ချင်းဒိုင်းနမိုက်၊ BLDF၊ SRAFတပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

လက်ရှိမှာတော့ စစ်ကောင်စီစစ်ကြောင်းဟာ ဘုတလင်မြို့ပေါ်ကို ပြန်လည်ဆုတ်ခွာသွားပြီဖြစ်လို့ နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပရဟိတအသင်းတွေက နယ်မြေရှင်းလင်းတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အဲဲဒီစစ်ကြောင်းဟာ ဘုတလင်နယ်အတွင်းက စိုင်ပြင်လေး၊ ကတိုး၊ ကျွဲသေ‌ချောင်း စတဲ့ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ကာ ကျေးရွာဒေသခံတွေကို ဓားစာခံအဖြစ်ဖမ်းဆီးတာ၊ သတ်ဖြတ်တာ၊ အဓမ္မပြုကျင့်တာနဲ့ လူနေအိမ်မိီးရှို့တာတွေကို လှည့်လှည်လုပ်ဆောင်နေတဲ့ စစ်ကြောင်းဖြစ်တယ်လို့ သိရပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #ဘုတလင် #စိုင်ပြင်လေး #တိုက်ပွဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10