စီပါရွာထဲ စစ်ကြောင်းပြန်ထိုးလာမှာကြောက်လို့ ဒေသခံတချို့  ရွာပြင်မှာ တဲထိုးပြီးနေရ

စီပါရွာထဲ စစ်ကြောင်းပြန်ထိုးလာမှာကြောက်လို့ ဒေသခံတချို့  ရွာပြင်မှာ တဲထိုးပြီးနေရ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် စီပါရွာက ဒေသခံတွေဟာ စစ်ကြောင်းနောက်တကြိမ် ပြန်ထိုးလာမှာ စိုးရိမ်တဲ့အတွက် ရွာပြင်တွေမှာတဲထိုးနေကြရတယ်လို့ ရွာခံတွေက ပြောပါတယ်။

အောက်တိုဘာ ၁၅ ရက်က စစ်ကြောင်းထိုးမီးရှို့ကာ ဒေသခံတွေသတ်ဖြတ်ခံရပြီးနောက်ပိုင်းကတည်းက ရွာပြင်ထွက်ကာစစ်ရှောင်ခဲ့ပြီး နိုဝင်ဘာ ၁၅ ရက်မှာ ကျေးရွာအတွင်းပြန်လည်နေထိုင်ခဲ့ကြပေမယ့် စိတ်မလုံခြုံခဲ့ကြဘူးလို့ ဆိုပါတယ်။

စစ်ကြောင်းထပ်ထိုးလာမှာကြောက်လို့ လက်ရှိမှာတော့ ရွာပြင်မှာတဲထိုးနေကြသူတွေရှိသလို တချို့ကလည်း ဆွေမျိုးတွေဆီကပ်နေကြသလို တချို့ကလည်း နေ့ဘက်ကျေးရွာထဲနေပြီး ညဘက်ရွာပြင်မှာထွက်အိပ်ကြရတယ်လို့ စီပါဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။

“အခုမှ အစကနေပြန်စရတာလေ ရွာထဲကိုတော့မဝင်သေးဘူး၊ ဘာဖြစ်လို့လည်းဆိုတော့ သူတို့က ဘယ်အချိန်ဘယ်ကာလဝင်လာပြီး ဘယ်လိုထပ်ရှို့အုံးမလဲဆိုတာ မပြောနိုင်သေးတော့လေ မီးထဲမပါတဲ့သူတွေကတော့ အိမ်မှာပြန်နေတယ် ” လို့ စီပါရွာခံအမျိုးသမီးတဦးက ပြောပါတယ်။

လက်ရှိဒေသခံတွေဟာ ရွာနဲ့မလှန်းမကမ်းမှာ တဲလေးတွေမလုံတလုံထိုးပြီးနေနေရတဲ့အတွက် တဲဆောက်လုပ်ဖို့ မိုးကာ၊ စောင်နဲ့ချက်ပြုတ်စားသောက်ဖို့ ဆန်၊ ဆီ၊ ဆား အစရှိတာတွေလည်း လိုအပ်နေကြပါတယ်။ 

"တဲအလုံးရေ ၂၅၀ လောက်ရှိတယ်၊ တဲလေးတွေနဲ့ကတော့ စင့်တွေဘာတွေ မထိုးနိုင်ဘူးလေ ဒီအတိုင်းပဲမြေပြင်မှာပဲအိပ်ရတာ မြေပြင်မှာပဲနေပြီးတော့မှ ဘေးက အကာရံလေးတွေနဲ့ပေါ့၊ အပြည့်စုံတော့မကာနိုင်ဘူးပေါ့၊ ရွာထဲ စစဝင်ချင်းမြင်ရတဲ့မြင်ကွင်းက တအားဝမ်းနည်းမိတယ် တအားလည်းသူတို့ကိုဒေါသဖြစ်တယ် ဘယ်တော့မှလဲ သူတို့ကိုအရှုံးပေးမှာမဟုတ်ဘူး" လို့ ဆိုပါတယ်။

အိမ်ခြေ ၅၀၀ ကျော်ရှိတဲ့ စီပါရွာဟာ မီးရှို့ခံလိုက်ရလို့ အိမ်ခြေ ၂၂၂ လုံးသာကျန်ရှိပါတော့တယ်။ 

စီပါရွာကို စစ်ကောင်စီတပ်သားတွေဟာ အောက်တိုဘာ ၁၉ ရက်ကဝင်ရောက်ခဲ့ပြီး ရွာထဲကနေအိမ်တွေကို မီးရှို့သွားသလို ဒေသခံ ၆ ဦးကိုလည်း ရက်ရက်စက်စက်ခေါင်းဖြတ်သတ်ဖြတ်သွားပြီး ခြံစည်းရိုးတွေမှာ ချိတ်ဆွဲခဲ့ကြတာပါ။

စာတည်း - ဈာန်မြင့်

#မြေလတ်အသံ

#စစ်ကိုင်း #ပါစီရွာ #‌ဒေသခံ #စစ်ရှောင် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10