သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ စတုတ္တရာမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ PDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဘက်သေဆုံးမှုရှိတယ်လို့ Z Fighter - Guerrilla Force ဆီက သိရပါတယ်။
စေတုတ္တရာအခြေစိုက် ကပစ ၂၀ က စစ်ကောင်စီတပ်သားတွေဟာ ကင်မွန်းခြုံဂိတ်ကနေ စေတုတ္တရာမြို့ဘက်ကို ဆိုင်ကယ် ၆ စီး အင်အား ၁၂ ဦးနဲ့ ထွက်လာချိန် မဏ္ဍပ်ကိုင်းကျေးရွာအနီးမှာ မေလ ၂၃ ရက် မနက် ၁၁ နာရီလောက်က တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။
"စေတုတ္တရာမြို့ဘက်ကို ဝင်လာတာကို တိုက်ခိုက်ခဲ့တာပါ။ နှစ်ဘက်တိုက်ခိုက်ချိန် နာရီဝက်လောက် ကြာပါတယ်။ ကျနော်တို့က ကျည်ကုန်လို့ ဆုတ်လိုက်ရတဲ့သဘောပါ။ ကျနော်တို့ရဲ့ မဟာမိတ် PRA က ရဲဘော်တဦး လက်နက်ငယ်ထိပြီး ကျဆုံးခဲ့ပါတယ်" လို့ Z Fighter အဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူတဦးက ပြောပါတယ်။
မြေပြင်သတင်းပေးချက်အရ စစ်ကောင်စီဘက်ကလည်း ၃ ဦးသေကာ ၄ ဦးထိခိုက်ခဲ့ပါတယ်။ ထိတွေ့မှုပြီးချိန်မှာ သေဆုံးတဲ့စစ်သားတွေကို ကပစ ၂၀ ထဲကိုပို့ဆောင်ပြီး ဒဏ်ရာရသူတွေကို မကွေးဆေးရုံပို့ကာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်ကနေ MA-1 သေနတ်တလက်နဲ့ ကျည်အချို့ သိမ်းဆည်းနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
သေဆုံးသွားသူတွေထဲမှာ ကပစ ၂၀ တပ် လက်နက်ထုတ်လုပ်ရေးဌာနက အသက် ၂၀ ကျော်အရွယ် တပ်ကြပ်ကြီး ကျော်မောင်ဆန်းနဲ့ တပ်ကြပ်ကြီး ကျော်နိုင်သန်းတို့ ပါဝင်ပြီး ၂ ဦးစလုံးဟာ ဟိုပုန်းမြို့အခြေစိုက် တပ်မတော်ကွန်ပျူတာနဲ့ နည်းပညာသိပ္ပံ (MCTI) ကျောင်းဆင်းတွေ ဖြစ်တယ်လို့ သိရပါတယ်။
“သိတာကတော့ တပ်ကြပ်ကြီး ၂ ယောက်သေတယ်။ ဟိုပုန်း(MCTI)ဆင်းတပ်ကြပ်ကြီး ငယ်ငယ်လေးတွေ။ ၂ ယောက်စလုံး အိမ်ထောင်သည်တွေ၊ စေတုတ္တရာသူတွေနဲ့ဘဲရတာ” လို့ ကပစ ၂၀ နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တဦးက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို Z Fighter-Guerrilla Forceနဲ့ လူထုတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (PRA Magway)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
မေလ ၇ ရက် မနက်အစောပိုင်းမှာလည်း ဆိပ်ဖြူမြို့နယ်အခြေစိုက် ကပစ ၂၂ တပ်ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခံရလို့ တပ်တွင်းအဆောက်အဦတချို့ ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။
စာတည်း - 007
#မြေလတ်အသံ
#မကွေး #စေတုတ္တရာ #ZFighter #PRAMagway #တိုက်ပွဲဖြစ်ပွား #မိုင်းဆွဲတိုက်ခိုက်