စေတုတ္တရာနဲ့နတ်မောက်မှာ ပျူခေါင်းဆောင်အုပ်ချုပ်ရေးမှူးနဲ့ သတင်းပေးအမျိုးသမီးဆိုသူတွေ အသတ်ခံရ    ■ ဖမ်းဆီးခေါ်ဆောင်စဉ် ခုခံတာနဲ့ ထွက်ပြေးတာတွေကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့ ကာကွယ်ရေးအဖွဲ့တွေပြော

စေတုတ္တရာနဲ့နတ်မောက်မှာ ပျူခေါင်းဆောင်အုပ်ချုပ်ရေးမှူးနဲ့ သတင်းပေးအမျိုးသမီးဆိုသူတွေ အသတ်ခံရ ■ ဖမ်းဆီးခေါ်ဆောင်စဉ် ခုခံတာနဲ့ ထွက်ပြေးတာတွေကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့ ကာကွယ်ရေးအဖွဲ့တွေပြော

 

မကွေးတိုင်း၊ စေတုတ္တရာနဲ့ နတ်မောက်မြို့နယ်တွေမှာ ပျူစောထီးခေါင်းဆောင် အုပ်ချုပ်ရေးမှူး ၁ ဦးနဲ့ စစ်ကောင်စီသတင်းပေးဆိုသူ အမျိုးသမီး ၁ ဦးတို့  အောက်တိုဘာ ၁ ရက်မှာ သေနတ်နဲ့ပစ်ခတ်ရှင်းလင်းခံခဲ့ရတယ်လို့  ကာကွယ်ရေးအဖွဲ့တွေထံက သိရပါတယ်။

စေတုတ္တရာ၊ နန်ကြူရွာအုပ်ချုပ်ရေးမှူးရာထူးရယူထားသူ ဒေသတွင်းပျူစောထီးခေါင်းဆောင်လည်းဖြစ်တဲ့ အသက် ၄၄ နှစ်အရွယ် မုန်တိုင်း ဆိုသူကို မြို့နယ်ပကဖတပ်ဖွဲ့ဝင်တွေက အောက်တိုဘာ ၁ ရက် ည ၉ နာရီခန့်မှာ ၎င်းရဲ့နေအိမ်ကို သွားရောက်ဖမ်းဆီးခေါ်ဆောင်လာရာ ပြန်လည်ခုခံတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့ ဆိုပါတယ်။

“ နန်ကြူရွာချောင်းဘေးအရောက်မှာ သူက ကျနော်တို့တပ်ဖွဲ့ဝင်ဆီက သေနတ်ကိုလုယူတာ။ အဲ့မှာ ပစ်ခတ်ရှင်းလင်းခဲ့တာ။ ကျနော်တို့က စစ်မေးချင်သေးတာပါ။” လို့  စေတုတ္တရာမြို့နယ်ပကဖ ပြန်ကြားရေးတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

မုန်တိုင်းကို ဖမ်းဆီးခေါ်ဆောင်သွားရာနောက်သို့ ကျန်ပျူစောထီးတပ်ဖွဲ့ဝင်တွေက သေနတ်ပစ်ဖောက် လိုက်လာခဲ့ရာ မုန်တိုင်းမှ ပကဖတပ်ဖွဲ့ဝင်တွေထံက သေနတ်လုယူထွက်ပြေးဖို့ကြိုးစားတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ရတာလို့ ဆိုပါတယ်။

နန်ကြူအုပ်ချုပ်ရေးမှူး မုန်တိုင်းဟာ စစ်ကောင်စီရဲ့ စစ်မူမထမ်းမနေရဥပဒေ မပြဌာန်းမီကာလကတည်းက စေတုတ္တရာ-ဆော ခရိုင်ချင်းဆက်လမ်းပိုင်းရှိ ကျေးရွာတွေကိုစုပေါင်းပြီး ပျူစောထီး(ပြည်သူ့စစ်)ဖွဲ့စည်းကာ ခေါင်းဆောင်တာဝန်ယူထားသူဖြစ်တယ်လို့ မြို့နယ်ပကဖက ပြောပါတယ်။

ဒါ့အပြင် ၎င်းဟာ ဒေသတွင်းမှာ လက်ရှိစစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူဖို့ ဦးဆောင်လုပ်ကိုင်နေသူဖြစ်ကာ ၎င်းရှင်းလင်းခံရပြီးတဲ့နောက် အောက်တိုဘာ ၂ ရက်ကစတင်ကာ နန်ကြူနဲ့ အနီးဝန်းကျင်ကျေးရွာတွေမှာ ကပစ ၂၅ ကစစ်ကောင်စီတပ်ဖွဲ့တွေ ရောက်ရှိနေတယ်လို့လည်း သိရပါတယ်။

အလားတူ အောက်တိုဘာ ၁ ရက် မနက် ၁၀ နာရီခန့်မှာပဲ နတ်မောက်မြို့နယ်၊ ဂွေးကုန်းကျေးရွာမှာ စစ်ကောင်စီသတင်းပေးအမျိုးသမီးကို ဖမ်းဆီးဖို့သွားချိန် ထွက်ပြေးတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ နတ်မောက်ဂဠုန် PDF အဖွဲ့ထံက သိရပါတယ်။

သေဆုံးသူမှာ ဂွေးကုန်းကျေးရွာနေ စစ်ကောင်စီသတင်းပေးဆိုသူ အသက် ၄၇ နှစ်အရွယ် ဒေါ်ဌေးကြည်ဖြစ်ပြီး နေအိမ်မှာသွားဖမ်းချိန်ထွက်ပြေးလို့ သေနတ်နဲ့ ၃ ချက်ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။

" သူ့ကိုစစ်မယ်လုပ်တော့ ထွက်ပြေးလို့ ပစ်ခတ်ခဲ့ရတာပါ။ သူအိမ်ခြံစည်းရိုးအပြင်ဘက်လမ်းပေါ်မှာ သေဆုံးသွားတယ်။ သုံးချက်ပစ်ခတ်ခဲ့တယ်" လို့ နတ်မောက်ဂဠုန် PDF တာဝန်ခံဗိုလ်အောင်ဒင်က ပြောပါတယ်။

သေနတ်နဲ့ပစ်ခံရလို့ ဒေါ်ဌေးကြည်မှာ နောက်ကျောကျည်ဖောက်ဝင်ဒဏ်ရာနဲ့ နေရာမှာပဲ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

အဆိုပါအမျိုးသမီးဟာ စစ်ကောင်စီသတင်းပေးလုပ်နေသူဖြစ်ကာ စိုင်ခေါင်ရွာစစ်ကောင်စီစခန်းကို ကိုယ်တိုင်သွားရောက် သတင်းပေးနေတာမျိုးရှိနေပြီး စစ်တပ်သတင်းပေးဖြစ်ကြောင်း ဒေသခံတွေရဲ့ သတင်းပေးပို့ချက်နဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ စုံစမ်းသိရှိချက်အရ အတည်ပြုနိုင်တာကြောင့် ရှင်း လင်းလိုက်တာလို့ အထက်ပါတာဝန်ခံက ပြောပါတယ်။

စက်တင်ဘာ ၂၇ ရက်ကလည်း နတ်မောက်မြို့နယ်၊ မြင်းတဲကြီးကျေးရွာမှာ စစ်ကောင်စီသတင်းပေးပျူစောထီး ၁ ဦးကို တော်လှန်ရေးအဖွဲ့တွေဘက်က နေအိမ်မှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - နတ်မောက်မြို့မှ စစ်တပ်သတင်းပေး အမျိုးသမီးအလောင်းအားတွေ့ရစဉ်။ (ဓာတ်ပုံ - News of Myanmar)

စာတည်း - ဟိန်းစံ။

#မြေလတ်အသံ

#စေတုတ္တရာ #နတ်မောက် #စစ်တပ်သတင်းပေး #ပျူစောထီးခေါင်းဆောင် #အုပ်ချုပ်ရေးမှူး #ရှင်းလင်းခံရ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10