စောင်တထည်ကို ရဲဘော်နှစ်ယောက်မျှခြုံနေရလို့ ထောက်ပို့တွေကကူညီ

စောင်တထည်ကို ရဲဘော်နှစ်ယောက်မျှခြုံနေရလို့ ထောက်ပို့တွေကကူညီ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်ထဲက ပြည်သူကာကွယ်ရေး ရဲဘော်တွေအတွက် လိုအပ်နေတဲ့ အသုံးအဆောင်ပစ္စည်းတချို့ကို ဒီဇင်ဘာလ တတိယပတ်အတွင်းက မျှဝေပေးခဲ့တယ်လို့ ရွှေဘိုမြို့နယ်လွတ်လပ်သောထောက်ပံ့ရေးအဖွဲ့ဆီက သိရပါတယ်။

PDF ရဲဘော်တွေမှာ ရဲဘော်နှစ်ယောက်ကို ခြုံစောင်တထည်သာရှိနေလို့ လိုအပ်နေတဲ့ ရဲဘော်တွေကို ဦးစားပေးအနေနဲ့ ဘောင်းဘီရှည် အထည် ၁၀၀၊ အနွေးထည် ၁၀၀၊ ခြုံစောင်အထည် ၈၀ တို့ကို မျှဝေပေးခဲ့တယ်လို့ ထောက်ပံ့ရေးအဖွဲ့ဦးဆောင်သူ ကိုနေမင်းခန့်က ဆိုပါတယ်။

"စောင်တထည်ကို ရဲဘော်နှစ်ယောက်ခြုံနေရတယ်။ တကယ်ချို့တဲ့ပြီး လိုအပ်တဲ့ ရဲဘော်တွေကိုစာရင်းကောက်ယူပြီးတော့ မျှဝေပေးတာပါ ။ ထပ်ပေးဖို့ရှိသေးတယ် " လို့ ကိုနေမင်းခန့် က ပြောပါတယ်။

ရဲဘော် ၁ ဦးကို အနွေးထည် ၁ ထည်၊ ဘောင်းဘီရှည် ၁ ထည်၊ ခြုံစောင် ၁ ထည်စီနဲ့ စုစုပေါင်းပစ္စည်း ၃ မျိုးကို တပ်ဖွဲ့လေးဖွဲ့ကရဲဘော် ၆၀ ဦးအတွက် မျှဝေပေးခဲ့သလို ထပ်မံပေးဖို့လည်း လုပ်ကိုင်နေတယ်လို့ သူကဆက်ပြောပါတယ်။

ရွှေဘိုမြို့နယ် လွတ်လပ်သောထောက်ပို့ရေးအဖွဲ့က ပြည်တွင်းပြည်ပ အလှူရှင်တွေရဲ့လှူဒါန်းငွေနဲ့ ပစ္စည်းတွေဝယ်ယူပြီး Bo Tiger ဗိုလ်ကျားကြီးတပ်ဖွဲ့၊ မြင်းဖြူရှင်ပြောက်ကျားတပ်ဖွဲ့၊ ကြောင်လက်သည်းတပ်ဖွဲ့၊ တံတားညီနောင် ပျံလွှားတပ်ဖွဲ့က ရဲဘော်တွေကို မျှဝေထောက်ပံ့ပေးခဲ့တာလို့ သိရပါတယ်။

ရွှေဘိုမြို့နယ်အတွင်း ဒီဇင်ဘာအစောပိုင်းကာလမှာပင် ရာသီဥတုအအေးပိုလာပြီး ညနေ ၅ နာရီမှ မနက် ၁၀ နာရီကျော်အထိ အအေးဆုံးဖြစ်နေတယ်လို့ သိရပါတယ်။

 

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ရွှေဘို #PDFရဲဘော် #အသုံးအဆောင်ပစ္စည်း #မျှဝေထောက်ပံ့ #မြေလတ်သတင်း #ဆောင်းရာသီ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10