စျေးသည် အမျိုးသားတဦး ရေစကြိုမြို့ပေါ်မှာ ပစ်ခတ်ခံရပြီး သေဆုံး

စျေးသည် အမျိုးသားတဦး ရေစကြိုမြို့ပေါ်မှာ ပစ်ခတ်ခံရပြီး သေဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်ကို ထန်းလျက်လာရောင်းတဲ့ စျေးသည် အမျိုးသားတဦး သြဂုတ် ၁၉ ရက် မနက် ၁၀ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်တာကိုခံရပြီး သေဆုံးခဲ့တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။ 

ရေစကြိုမြို့နယ်၊ ဆည်ရွာမှာ နေထိုင်တဲ့ အသက် ၅၀ အရွယ် ဦးဝင်းကြိုင်ဟာ ဆိုင်ကယ်နဲ့ ထန်းလျက်ရောင်းလာချိန် ရေစကြိုမြို့မရဲစခန်းအနီးအရောက်မှာ စစ်ဆေးနေတဲ့ စစ်ကောင်စီတပ်တွေကို မြင်ပြီး နောက်ပြန်လှည့်ရာမှာ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တာလို့ ဆိုပါတယ်။ 

“မြို့ပေါ်ရဲစခန်းရှေ့မှာ စစ်တာဆေးတာတွေရှိတော့ သူကကြောက်နေတာ။ အဲ့ဒီရှေ့ကို ဆက်မသွား တော့ဘဲနဲ့ တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေတာ။ အဲ့ဒါနဲ့ ဟိုကလည်း ရပ်လို့ပြောတာကို မကြားဘဲ ဆိုင်ကယ်ကို ဆက်မောင်းသွားတာ၊ ဟိုဘက်ကပစ်တော့ ဆိုင်ကယ်ရော လူရောလဲသွားတယ်” လို့ ရေစကြိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ် 

ပစ်ခတ်ချိန်မှာ ဦးဝင်ကြိုင်ရဲ့ ဘယ်ဘက်ရင်အုံကို ကျည်ဖောက်ဝင်သွားတာလို့ ဆိုပါတယ်။ အဲ့ဒီနောက် ပစ်ခတ်လိုက်တဲ့ စစ်သားတွေဟာ ဦးဝင်းကြိုင်ဆီက ဆိုင်ကယ်နဲ့ ပစ္စည်းတွေကိုယူပြီးမှ ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ အထက်ပါအဖွဲ့ဝင်က ဆက်ပြောပါတယ်။ 

ရေစကြိုဆေးရုံကို အရင်ပို့ခဲ့ပြီး ကုသလို့မနိုင်တော့တဲ့အတွက် အဲ့ဒီဆေးရုံကနေ မန္တလေးဆေးရုံကို တဆင့်ပို့ဆောင်ချိန် ည ၈ နာရီလောက်မှ သေဆုံးခဲ့တာလည်းဖြစ်ပါတယ်။ အလောင်းကို မိသားစုဆီ ပြန်ပေး၊ မပေးနဲ့ နောက်ဆက်တွဲအခြေအနေတွေကိုတော့ မသိရှိရသေးပါဘူး။  

အလားတူ သြဂုတ် ၄ ရက်ကလည်း ရေစကြိုမြို့အနီးရှိ ကျီးကန်ရွာဘက်ကို ဝင်လာတဲ့ စစ်ကြောင်းနဲ့ ထိပ်တိုက်တွေ့ပြီး ၂၄ နှစ်အရွယ် ကိုဝေယံ ပစ်သတ်ခံခဲ့ရပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ 

#မကွေး #ရေစကြို #စစ်ကောင်စီ #ပစ်ခတ် #ဒေသခံသေဆုံး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10