ဆက်ကြေးကောက်နေတဲ့ဂိတ် တိုက်ခိုက်ခံရပြီး စစ်သားနဲ့ပျူ ၅ ဦးသေဆုံး အများအပြားဒဏ်ရာရ

ဆက်ကြေးကောက်နေတဲ့ဂိတ် တိုက်ခိုက်ခံရပြီး စစ်သားနဲ့ပျူ ၅ ဦးသေဆုံး အများအပြားဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မြောက်ဘက် မဟာနန္ဒာကန်တော်လမ်းပေါ်မှာ ဆက်ကြေးကောက်နေတဲ့ စစ်သား၊ ပျူခေါင်းဆောင်နဲ့သားများဦးဆောင်နေတဲ့ ဂိတ်စခန်းကို ဇန်နဝါရီ ၂၃ ရက် ည ၁၂ နာရီခွဲခန့်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုမြို့ နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

တိုက်ပွဲကြာမြင့်ချိန် ၁ နာရီအတွင်းမှာ ဂိတ်စခန်းက ဘန်ကာတွေကို နယ်မြေရှင်းလင်းနိုင်ခဲ့ပေမယ့် စစ်သားနဲ့ပျူစောထီးတွေ ထွက်ပြေးသွားတဲ့အတွက် လက်နက်ခဲယမ်းတော့ မရခဲ့ဘူးလို့ ရွှေဘို ပကဖ သတင်းတာဝန်ခံကပြောပါတယ်။

 

အခုလိုဂိတ်စခန်းကို တိုက်ခိုက်ရာမှာ  ကာကွယ်ရေးရဲဘော် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊စစ်သားနဲ့ပျူ ၅ သေဆုံးကာ  ၁၀ ဦးဒဏ် ရာရရှိခဲ့တယ်လို့ သိရပါတယ်။

 

" အနီးကပ်ဝင်ပစ်ခဲ့တယ်။ ဒီလူတွေထွက်ပြေးသွားတော့ လက်နက်တွေမရလိုက်ပါဘူး။ စစ် ကူလာလို့ ပြန်ဆုတ်ခဲ့ရတယ်။ ၅ ယောက်သေတယ်။ ကျနော်တို့ဘက်က ၄ ယောက်ဒဏ်ရာရတယ် " လို့ ရွှေဘို ပကဖ သတင်းတာဝန်ခံက ပြောပါတယ်။

 

စစ်ကူကားတွေလာတာ၊ လေ့ကျင့်ရေးတပ်ရင်း ၈ ဘက်မှ လက်နက်ကြီးဟောင်ဝှစ်ဆာတွေနဲ့ ပစ်ခတ်ခဲ့တာတွေရှိသလို ခမရ ၁၁ ၊ ခလရ ၄၂ တပ်ရင်းတို့နဲ့ လည်း ၂ မိုင်ကျော်သာ ဝေးကွာတဲ့အတွက် တပ်ပြန်ဆုတ်ခွာခဲ့ရတယ်လို့ သူကဆက်ပြောပါတယ်။

 

သေဆုံးသူ ၅ ဦးထဲမှ  ၂ ဦး အလောင်းကို မေဂွန်ရွာမှာ ဇန်နဝါရီလ ၂၄ ရက် နေ့လည်ပိုင်းက သဂြိုလ်ပြီး၊ ကျန် ၃ ဦးအလောင်းနဲ့ ဒဏ်ရာရရှိခဲ့သူ ၁၀ ဦးကို ရွှေဘိုပြည်သူ့ဆေးရုံသို့ သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

 

အဲဒီတိုက်ပွဲကို ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့အတူ ပကဖ PDO အဖွဲ့ ၊တိုက်နယ် ၁၊ ၅ ၊ တိုက်နယ် ၃ ပကဖ Brave Defence Force၊ ဒီပဲယင်းမြို့နယ် ဂဠုန်မင်း ပကဖ၊ ညောင်ဦးမြို့နယ် ပကဖ အဖွဲ့တို့ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

 

ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက်ပိုင်းကတော့ ရွှေဘိုမြို့ လေ့ကျင့်ရေး ၈ တပ်ရင်းက အင်အား ၄၀၀ ခန့်နဲ့ ခင်ဦးမြို့နယ်ကို စစ်ကြောင်းထိုးတာအပြင် ရွှေဘိုနယ် မြောက်ဖက်ခြမ်းကိုလည်း  စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။

 

 

စာတည်း-နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#စစ်ကိုင်း #ရွှေဘို #ဂိတ်စခန်းတိုက်ခိုက် #စစ်သားနဲ့ပျူ #သေဆုံး #ဒဏ်ရာရ #လက်နက်ကြီး #လက်နက်ငယ် #ကာကွယ်ရေးပူးပေါင်းအဖွဲ့ #မြေလတ်သတင်း

 

ပုံစာ-ရွှေဘိုမြို့နယ်ပကဖတပ်ဖွဲ့ဝင်များ (ပုံဟောင်း)

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10