သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့အနီးက စစ်ကောင်စီတပ် အထိုင်ချထားတဲ့ စခန်း ၁ ခုကို PDF တွေဝင်တိုက်ခိုက်လို့ စစ်သားအချို့သေဆုံးပြီး လက်နက်တွေလည်း ရရှိခဲ့တယ်လို့ မင်းဘူးခရိုင်တပ်ရင်း ၁ ဆီက သိရပါတယ်။
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ စလင်း- ဆင်ဖြူကျွန်းလမ်းမ၊ ဆုတ်လေဦးလမ်းဆုံအနီးက စစ်ကောင်စီတပ်စွဲအထိုင်ချထားတဲ့စခန်းကို နိုဝင်ဘာ ၁၅ ရက် မနက်အစောပိုင်းမှာ မင်းဘူးခရိုင်တပ်ရင်း ၁ နဲ့အတူ ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့ကြတာပါ။
အင်အား ၃၀ ဝန်းကျင်ရှိတဲ့ အဲ့ဒီစခန်းကို မနက် ၅ နာရီခွဲလောက်မှာ စတင်တိုက်ခိုက်ခဲ့ကြပြီး အပြန်အလှန် ပစ်ခတ်မှုတွေရှိခဲ့ကြကာ မနက် ၇ နာရီဝန်းကျင်မှာ တိုက်ခိုက်မှုပြီးသွားခဲ့တယ်လို့ မင်းဘူးခရိုင်တပ်ရင်း ၁ ရဲဘော်တဦးက ပြောပါတယ်။
"ပထမတော့ ခုခံသေးတယ်။ သူတို့ဘက်က အခြေအနေမကောင်းလို့ ဆုတ်ပြေးသွားတာပါ။ ၁ ဦးအလောင်းနဲ့ လက်နက်တွေလည်း ရလိုက်တယ်" လို့ မင်းဘူးခရိုင်တပ်ရင်း ၁ ရဲဘော်တဦးက ပြောပါတယ်။
တပ်ပြန်ဆုတ်သွားတဲ့ စစ်အုပ်စုဘက်ကပစ်တဲ့ လက်နက်ကြီးကျည်က တပ်စခန်းအနီးက ရတနာဆီဆိုင်ရဲ့ ဒီဇယ်ကန်ပေါ်ကျလို့ မီးလောင်ခဲ့ပါသေးတယ်။
မျက်မြင်ဒေသခံတွေကတော့ စစ်ကောင်စီတပ်ဘက်က ၁၁ ဦးသေဆုံးတယ်လို့ ပြောနေပေမယ့် သေဆုံးအရေအတွက် အတိအကျကို အတည်ပြုနေဆဲဖြစ်ပါတယ်။
" အလောင်းတွေကို စစ်ကားပေါ်မှာ မိုးကာအုပ်ပြီး သယ်သွားတယ်။ လူနာတင်ကားပေါ်မှာလည်း ဒဏ်ရာရတဲ့သူတွေ တင်တယ်။ ဘယ်နှစ်လောင်းဆိုတာတော့ မသိရဘူး။ မိုးကာအုပ်တင်တာက ၁ စီး လူနာတင်ကားက ၁ စီး။" လို့ မျက်မြင်ဒေသခံတဦးက ပြောပါတယ်။
ပစ်ခတ်မှုတွေရပ်သွားအပြီးမှာ PDF တွေက စစ်တပ်ရဲ့ MA 1 သေနတ် ၃ လက်၊ MA 3 သေနတ် ၁ လက်တို့ကို သိမ်းဆည်းရခဲ့တယ်လို့ မင်းဘူးခရိုင်တပ်ရင်း ၁ ရဲဘော်တဦးက ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်း ဦးဆောင်မှုဖြင့် မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း၊ မိုးကြိုးပြောက်ကျားတပ်ဖွဲ့၊ ဒေါင်းစစ်အောင် LPDF တပ်ဖွဲ့တို့နဲ့အတူ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်ကလည်း ဆုပ်လေဦးလမ်းဆုံအနီးရှိ စစ်တပ်စခန်း၊ သစ်ခေါက်တောင်ရွာရဲစခန်း၊ လင်ဇင်းရဲစခန်းတို့ကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ဒရုန်းတွေ၊ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း - ဈာန်မြင့်
#မြေလတ်အသံ
#စလင်း #ဆင်ဖြူကျွန်း #စစ်တပ်စခန်း #တိုက်ခိုက်
Share Share Share