ဆင်မြီးဆွဲမြို့က ရဲအရာရှိဟောင်းနဲ့ နယ်ထိန်းကို ပေါင်းတည် PDF တိုက်ခိုက်ခဲ့တာဖြစ်

ဆင်မြီးဆွဲမြို့က ရဲအရာရှိဟောင်းနဲ့ နယ်ထိန်းကို ပေါင်းတည် PDF တိုက်ခိုက်ခဲ့တာဖြစ်

ပဲခူးတိုင်းအနောက်ခြမ်း၊ သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့စျေးအနီးမှာ ဇွန် ၂၆ ရက် ဒီနေ့ မနက် ၇ နာရီကျော်လောက်က အငြိမ်းစားရဲအရာရှိတဦးနဲ့ နယ်ထိန်းတဦးကို ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( PPDF)ရဲ့ ဒေါင်းစစ်သည်အဖွဲ့က တိုက်ခိုက်ခဲ့တာလို့ သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ အငြိမ်းစားရဲအရာရှိ ဦးစိုးသက်အောင်ဟာ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားပြီး သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲ ရဲစခန်းက နယ်မြေနယ်ထိန်းရဲ ဦးကျော်ကျော်ကတော့ စိုးရိမ်ဒဏ်ရာရရှိခဲ့ပါတယ်။ 

သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲရဲစခန်းက နယ်မြေနယ်ထိန်း ဦးကျော်ကျော်က ဆိုင်ကယ်မောင်းနှင်ပြီး ရဲအငြိမ်းစား ဦးစိုးသက်အောင်က နောက်ကလိုက်ပါလာချိန်မှာပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။

“သူတို့ ၂ ယောက်က ဆိုင်ကယ်နဲ့လာတဲ့အချိန်မှာ ပစ်ခတ်ခဲ့တာပါ။ ဦးကျော်ကျော်ကတော့ ပြည်ဆေးရုံမှာ တင်ထားတယ်လို့ သတင်းရတယ်။ ဦးစိုးသက်အောင်ကတော့ ကျောပေါက်ဒဏ်ရာနဲ့ အဲဒီနေရာမှာ သေသွားတယ်” လို့  မြို့ပြပျောက်ကျားတပ်ဖွဲ့မှ ရဲဘော်ဗိုလ်ကျားရိုင်းက မြေလတ်အသံကို ပြောပါတယ်။

ပစ်ခတ်မှုတွေ ဖြစ်ပွားပြီးတဲ့နောက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ သဲကုန်းမြို့ အရှေ့ဘက် ဆည်ဘောင်ဘက်မှာ ပိတ်ဆို့မှုတွေပြုလုပ်ထားပြီး ဖမ်းဆီးစစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့လည်း ဆိုပါတယ်။

ဒါပေမဲ့ တိုက်ခိုက်ရေးရဲဘော်တွေ အန္တရာယ်ကင်းစွာနဲ့ စခန်းပြန်ရောက်နေပြီလို့ သူက ဆက်ပြောပါတယ်။

အငြိမ်းစားရဲအရာရှိ အလောင်းကိုတော့ ဆင်မြီးဆွဲဆေးရုံကို ပို့ဆောင်ထားပြီး ဒဏ်ရာရသွားတဲ့ နယ်ထိန်းရဲ ဦးကျော်ကျော်ကိုတော့ ပြည်ဆေးရုံကို ပို့ထားတယ်လို့ သိရပါတယ်။

နယ်ထိန်းရဲ ဦးကျော်ကျော်ဟာ ခရီးသွားပြည်သူတွေရဲ့ ဆိုင်ကယ်တွေကို ဖမ်းဆီးပြီး မတရားငွေကြေးတောင်းခံတာတွေ ပြုလုပ်လေ့ရှိတယ်လို့လည်း သိရပါတယ်။

ဒီပစ်ခတ်မှုကို ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃၆၀၂၊ သဲကုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ခွဲ ၄ TPDF နဲ့ ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃၆၀၁ PPDF တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ကြတာပါ။ 

ပြီးခဲ့တဲ့နှစ် ဧပြီ ၁၉ ရက် နေ့လယ်ကလည်း သဲကုန်းမြို့နယ်၊ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ဗြဟ္မာ့အင်းကျေးရွာအုပ်စု တာဝန်ကျနယ်ထိန်းရဲတပ်သား ဇေယျာအောင်ကို သဲကုန်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြည်ခရိုင် PDFတပ်ရင်း ၃၆၀၂၊ တပ်ခွဲ ၄ မြို့ပြပြောက်ကျားအဖွဲ့က သုတ်သင်ခဲ့ပြီး အဲဒီရဲဆီက G3 သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ကျည် ၁၁၉ တောင့်၊ ဖုန်း ၁ လုံး၊ ဆိုင်ကယ် ၁ စီး၊ လက်ထိပ်ကွင်း ၁ ခုနဲ့ လွယ်အိတ် ၁ လုံး သိမ်းဆည်းနိုင်ခဲ့ပါသေးတယ်။

 

ပုံစာ - ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( PPDF)။

 

နန်းခမ်း၊ စာတည်း - လင်းဇေ

 

#မြေလတ်အသံ

#ပဲခူးတိုင်း #သဲကုန်းမြို့နယ် #ဆင်မြီးဆွဲမြို့စျေး #ရဲဘော်ဗိုလ်ကျားရိုင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10