ဆလိုင်းတင်မောင်ဦးကွပ်မျက်ခံရခြင်း ၄၇ နှစ်မြောက် စစ်အာဏာရှင်ဆန့်ကျင်ရေး လက်ကမ်းစာစောင်ဖြန့်ဝေ

ဆလိုင်းတင်မောင်ဦးကွပ်မျက်ခံရခြင်း ၄၇ နှစ်မြောက် စစ်အာဏာရှင်ဆန့်ကျင်ရေး လက်ကမ်းစာစောင်ဖြန့်ဝေ

ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကြိုးပေးကွပ်မျက်ခံရမှု ၄၇ နှစ်ပြည့်ကျရောက်တဲ့ ဇွန်လ ၂၆ ရက်မနေ့ညနေက ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့မှာ အောက်မေ့သတိရ ဂုဏ်ပြုတဲ့အနေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလက်ကမ်းစာစောင်တွေဖြန့်ဝေခဲ့တယ်လို့ ကျောင်းသားသမဂ္ဂအဖွဲ့ ဝင်တဦးဆီက သိရပါတယ်။

ကြို့ပင်ကောက်မြို့နယ် ကျောင်းသားများသမဂ္ဂ၊ အ.ထ.က ကြို့ပင်ကောက် ကျောင်းသားများသမဂ္ဂနဲ့ လူ့ ဘောင်သစ်လူငယ်တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး မြို့ရဲ့တနေရာမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လက်ကမ်းစာစောင်ဖြန့်ဝေတာနဲ့ နံရံကပ်လှုပ်ရှားမှုတွေပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။

"ဒီလှုပ်ရှားမှုကိုလှုပ်ဆောင်ရတာက  ဆလိုင်းတင်မောင်ဦးရဲ့စစ်ဖိနပ်အောက်ဒူးမထောက်ခဲ့တဲ့ တော်လှန်ရေးစိတ်ဓာတ်ကို အလေးအမြတ် ဂုဏ်ပြုတာလည်းဖြစ်သလို  တော်လှန်ရေးသမားကိုသတ်လိုက်လည်း တော်လှန်ရေးကမသေဘူးဆိုတာ စစ်အာဏာရှင်တွေနဲ့ဖောက်ပြန်ရေးသမားအပေါင်းကို ကြုံးဝါးကြွေးကြော်လိုက်ခြင်းပဲ ဖြစ်ပါတယ်" လို့ ကြို့ပင်ကောက်မြို့နယ်ကျောင်းသားများသမဂ္ဂရဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။

ဆလိုင်းတင်မောင်ဦးကျဆုံးခြင်း ၄၇ နှစ်မြောက်နေ့ကို ရန်ကုန်နဲ့ ချင်းပြည်နယ်အပါအဝင် အခြားမြို့နယ် အချို့မှာလည်း အောက်မေ့သတိရပွဲတွေ ကျင်းပတာရှိသလို စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်တာ၊ လက်ကမ်းစာစောင်ဖြန့်ဝေတာတွေလည်း ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

အသက် ၂၅ နှစ်အရွယ် ဆလိုင်းတင်မောင်ဦးဟာ ရန်ကုန်တက္ကသိုလ်ကျောင်းသားတဦးဖြစ်တဲ့အပြင် ချင်းတိုင်းရင်းသားလည်းဖြစ်ပြီး မဆလ(မြန်မာ့ဆိုရှယ်လစ်ပါတီ)ပါတီ အာဏာရှင်စနစ်ကိုဆန့်ကျင်ခဲ့သူဖြစ်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကြောင့် ၁၉၇၆ ဇွန်လ ၂၆ ရက်မှာ အင်းစိန်ထောင်တွင်းမှာ ကြိုးပေးကွပ်မျက်ခံခဲ့ရတာဖြစ်ပါတယ်။

 စာတည်း- ရင်ငြိမ်း

 

#မြေလတ်အသံ

#ပဲခူး #ကြို့ပင်ကောက် #ကျောင်းသားသမ္မဂ #လှုပ်ရှားမှု #ဆလိုင်းတင်မောင်ဦး #ကျဆုံးမှု #၄၇နှစ်မြောက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10