ဆားတောင်မှာ ဖုန်းလာဝယ်တဲ့ PDF ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ဆားတောင်မှာ ဖုန်းလာဝယ်တဲ့ PDF ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းခရိုင်၊ ဆားတောင်မြို့ဈေးအနီးက မိုဘိုင်းလ်ဖုန်းဆိုင်တခုမှာ ဇွန်လ ၂၅ ရက် ဒီနေ့မနက် ၇ နာရီခန့်က ဖုန်းလာဝယ်တဲ့ PDF ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

သေဆုံးသွားသူတွေဟာ စစ်ကိုင်းမြို့နယ် ရပ်ကျေးပကဖအဖွဲ့ဝင်  ၂ ဦးဖြစ်တဲ့ ရဲဘော် ဟိန်းမျိုးထက် (ခ) ဂွေးတိုနဲ့ ရဲဘော် ငြိမ်းချမ်းကို (ခ) ပေါက်စတို့ ဖြစ်ပြီး ဖုန်းဝယ်ပြီးပြန်အထွက်မှာ အရပ်ဝတ်နဲ့စောင့်ဆိုင်းနေတဲ့ ပျူစောထီးတပ်သား ၂ ဦးက သေနတ်နဲ့ပစ်ခတ်သွားတာလို့ ဆိုပါတယ်။

“သူတို့ ၂ ယောက်က အရပ်ဝတ်နဲ့ဖုန်းသွားဝယ်တာ။ သူတို့မှာ Gun အစစ်တလက်နဲ့ လက်လုပ်တလက် ပါသွားတယ်။ အလောင်းကိုတော့ ပြန်ရတယ်၊ လက်နက်တွေတော့ ပြန်မရခဲ့ဘူး” လို့ အမေ့သား Local PDF တပ်ဖွဲ့ (စစ်ကိုင်း)ခေါင်းဆောင် ကိုဘိုလေးက မြေလတ်အသံကို ပြောပါတယ်။

သူတို့ ၂ ဦး ပစ်ခံလိုက်ရတယ်လို့ ကြားသိရပြီးတဲ့နောက် ကာကွယ်ရေးတပ်ဖွဲ့တွေက ပြန်လည်ပစ်ခတ်ဖို့ သွားရောက်ခဲ့ပေမယ့် အဆိုပါ ပျူစောထီးတပ်သား ၂ ဦးဟာ ညောင်ငုတ်တိုရွာထဲကို ဝင်ရောက်သွားတဲ့အတွက် ပစ်ခတ်နိုင်ခြင်းမရှိခဲ့ဘူးလို့ ဆိုပါတယ်။

ပစ်ခတ်ခံရတဲ့ PDF ရဲဘော် ၂ ဦးဟာ ဘယ်ရင်အုံ၊ ညာဘက်လက်ပြင်၊ ဝမ်းဗိုက်တို့မှာ ထိမှန်ဒဏ်ရာတွေကြောင့် သေဆုံးခဲ့ပြီး သူတို့ ၂ ဦးရဲ့ ရုပ်အလောင်းကိုတော့ ဒီကနေ့ နေ့လယ် ၁၁ နာရီလောက်မှာ သင်္ဂြိုဟ်ပြီးစီးခဲ့ပြီလို့ သိရပါတယ်။

စာတည်း − ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #ဆားတောင် #PDF #ပစ်ခတ်ခံရ #သေဆုံးမှု #စစ်ကောင်စီတပ် #ပျူစောထီး

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10