ဆားလင်းကြီးက စစ်တပ်အထိုင် ရဲစခန်း၊ ထွေအုပ်နဲ့ ဆေးရုံတို့ တိုက်ခိုက်ခံရ

ဆားလင်းကြီးက စစ်တပ်အထိုင် ရဲစခန်း၊ ထွေအုပ်နဲ့ ဆေးရုံတို့ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်က စစ်တပ်အထိုင်ချထားတဲ့ နေရာ ၃ ခုကို ကာကွယ်ရေးတပ်ဖွဲ့တွေက လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ Salingyi Border Task  Force - SBTF တပ်ဖွဲ့ဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၁ ရက် မနေ့က ညနေ ၅ နာရီလောက်မှာ ဆားလင်းကြီးမြို့ပေါ်က ထွေအုပ်ရုံး၊ ရဲစခန်းနဲ့ ဆေးရုံမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်သားတွေကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ၃ နေရာခွဲပြီး မီတာ ၇၀၀ အကွာကနေ ၆၀၊ ၈၀၊ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ တချိန်တည်း သွားရောက်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

“ထွေအုပ်ရုံးနဲ့ ဆေးရုံမှာ အထိုင်ချထားတာတော့ ၁ နှစ်ကျော်ပြီ။ သူတို့ကို ကျနော်တို့ ၄၅ မိနစ်ကြာတဲ့အထိ လက်နက်ကြီးတွေနဲ့ ပစ်ခဲ့တယ်။ ကျနော်တို့ ကြားတာတော့ သူတို့တွေ နေတဲ့အဆောင်တွေထဲကို လက်နက်ကြီးတွေ ကျတယ်လို့ကြားတယ်။ သူတို့ဘက်ကလည်း ကျနော်တို့ကို စက်လက်နက်တွေနဲ့ ပြန်ပစ်တာမျိုးတွေရှိတယ်” လို့ Salingyi Border Task  Force - SBTF တပ်ဖွဲ့ဝင် ၁ ဦးက ပြောပါတယ်။

Salingyi Border Task  Force - SBTF တပ်ဖွဲ့အနေနဲ့အဆိုပါ ၃ နေရာကို သွားရောက်ပစ်ခတ်တာ ၅ ကြိမ်ထက်မနည်းရှိနေပြီဖြစ်တယ်လို့လည်း ဆိုပါတယ်။

ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ လက်နက်ကြီးတွေနဲ့ပစ်ပြီး ပြန်ဆုတ်ချိန်မှာလည်း အဲ့ဒီ ၃ နေရာကို Drone ဗုံးသီး ၃ လုံးနဲ့ ထပ်မံပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ 

ဒီတိုက်ခိုက်မှုကို Salingyi Border Task  Force - SBTF အဖွဲ့အပါ အခြားပူးပေါင်းတပ်ဖွဲ့ဝင် ၁၅ ဖွဲ့တို့နဲ့ သွားရောက်တိုက်ခိုက်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

Salingyi Border Task  Force - SBTF တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ ရက်ကလည်း ဘုတလင်မြို့ပေါ် မိန်းလမ်းမမှာ ဂိတ်ချပြီးငွေကြေးကောက်နေတဲ့ စစ်ကောင်စီတပ်သားတွေကို Drone နဲ့ သွားရောက်ပစ်ခတ်လို့ စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးသွားခဲ့ပါသေးတယ်။

စာတည်း - ဇို

#မြေလတ်အသံ

#ဆားလင်းကြီးသတင်း #လက်နက်ကြီး #တိုက်ပွဲ #ဆေးရုံ #ထွေအုပ် #ရဲစခန်း #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10